တန်ချိန် ၂၂ဝ ကျော်ရှိ ကညင်သစ်လုံးနှင့် သစ်ခွဲသားများ ကသာတွင်ဖမ်းမိ

တန်ချိန် ၂၂ဝ ကျော်ရှိ ကညင်သစ်လုံးနှင့် သစ်ခွဲသားများ ကသာတွင်ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီးဌာန
 

ရန်ကုန်၊ အောက်တိုဘာလ ၂၄ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ သံပုရာကျေးရွာအနီး ဧရာဝတီမြစ် အရှေ့ဖက်ကမ်းတွင် ဆိုက်ကပ်ထားသော သစ်တွဲလှေသုံးစီးပေါ်မှ တန်ချိန် ၂၂ဝ ကျော်ရှိ ကညင်သစ်လုံးနှင့် သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ အောက်တိုဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော သစ်တွဲလှေသုံးစီးပေါ်မှ စုစုပေါင်း ကညင်သစ်လုံး/ခွဲသား တန်ချိန် ၂၂ဝ ဒဿမ ၇၅၉၄  နှင့် တရားခံဟု ယူဆရသူ ၃ ဦးကို  ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရား မဝင်သယ် ဆောင်လာသော ကညင်သစ်လုံးနှင့် ခွဲသားများကို အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်ထိ နှစ်ရက်တာ တိုင်း တာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ ရက်မှစပြီး ကသာ မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင်သစ်များအား ရှာဖွေဖမ်းဆီးလျက်ရှိရာ အဆိုပါ ဆိုက်ကပ်ထားသော သစ်တွဲလှေ သုံးစီးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သယ်ဆောင်လာသော သစ်များ၊ ရေယာဉ်နှင့် တရားခံဟုယူဆရသူ ၃ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly