ကမ္ဘာ့အကောင်းဆုံး ၁၁ ဦးစာရင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ ၁၁ ကြိမ်ဆက်တိုက် ဖြင့် အများဆုံးပါ၀င်

ကမ္ဘာ့အကောင်းဆုံး ၁၁ ဦးစာရင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ ၁၁ ကြိမ်ဆက်တိုက် ဖြင့် အများဆုံးပါ၀င်

အောက်တိုဘာ ၂၄၊ အင်္ဂလန် ။          ။ ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့သည် FIFPro ဟုခေါ်ဆိုသည့် ကမ္ဘာ့အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ၁၁ ကြိမ်ဆက်တိုက်ဖြင့် အများဆုံးပါဝင်ခဲ့ကြသည်။

ကမ္ဘာ့အကောင်းဆုံး ၁၁ ဦးစာရင်းကို ၂၀၀၅ ခုနှစ်က စတင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ၂၀၀၇ ခုနှစ်ကတည်းက စတင်ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏နောက်တွင် ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာက ၉ ကြိမ်ဖြင့် ဒုတိယအများဆုံးပါဝင်လျက်ရှိသည်။

နောက်တန်းကစားသမားများထဲတွင် ရီးယဲလ်နောက်ခံလူ ရာမို့စ်က ၈ ကြိမ်ဖြင့် အများဆုံးပါဝင်ခဲ့ပြီး ဂိုးသမားများထဲတွင် ရီးယဲလ်ဂိုးသမားဟောင်း ကားဆီးလက်စ်က ၅ ကြိမ်ဖြင့် အများဆုံးပါဝင်ခဲ့သည်။

FIFPro က အကောင်းဆုံး ၁၁ ဦးကို စတင်ရွေးချယ်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ စတင်ပြီး ဘရာဇီးကစားသမားများမှာ နှစ်စဉ်နှစ်တိုင်း ပါဝင်ခဲ့ကြသည်။ နိုင်ငံအလိုက်တွင် စပိန်ကစားသမားများက အကြိမ် ၅၀ ဖြင့် အများဆုံးပါဝင်ခဲ့ကြသော်လည်း ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တို့တွင် စပိန်ကစားသမားများ ရွေးချယ်ခြင်း မခံခဲ့ရပေ။

ကမ္ဘာ့အကောင်းဆုံး ၁၁ ဦးစာရင်းတွင် အင်္ဂလန်ကစားသမားများ ၁၁ ကြိမ်ပါဝင်ခဲ့ဖူးသော်လည်း ၂၀၁၁ ခုနှစ်က ဝိန်းရွန်နီနောက်ပိုင်း ရွေးချယ်ခံရခြင်း မရှိတော့ပေ။

ကမ္ဘာ့အကောင်းဆုံး ၁၁ ဦးရွေးချယ်ခဲ့သည့် ၁၁ နှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကစားသမား ၅၅ ဦးသာ ပါဝင်ခဲ့ကြဖူးသည်။

ရည်ညွှန်း ဝီကီပီးဒီးယား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly