ထရမ့်နှင့် စင်္ကာပူဝန်ကြီးချုပ်တို့ အိမ်ဖြူတော်၌တွေ့ဆုံစဉ် မြောက်ကိုရီးယားအရေးကိစ္စဆွေးနွေး

ထရမ့်နှင့် စင်္ကာပူဝန်ကြီးချုပ်တို့ အိမ်ဖြူတော်၌တွေ့ဆုံစဉ် မြောက်ကိုရီးယားအရေးကိစ္စဆွေးနွေး

 

ဝါရှင်တန်၊ အောက်တိုဘာ ၂၄ ။          ။ အမေရိကန်သမ္မတနှင့် စင်္ကာပူဝန်ကြီးချုပ်တို့သည် အိမ်ဖြူတော်၌တနင်္လာနေ့က တွေ့ဆုံစဉ်တွင် မြောက်ကိုရီး ယားအရေးကိစ္စနှင့် ပက်သက်၍ဆွေးနွေးခဲ့ပြီး   ပြုံယမ်းအစိုးရ၏ နျူကလီးယားခြိမ်းခြောက်မှုများကို တန်ပြန် တုံ့ပြန်ရန် လိုအပ်သည့်အကြောင်းအရာများကို ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်နှင့် လီရှင်လောင်းတို့သည် ဘဲဥပုံရုံးခန်းထဲ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထို့နောက်တွင် သူတို့သည် သတင်းစာရှင်းလင်းပွဲအသီးသီး ပြုလုပ်ခဲ့ကြသည်။

ထရမ့်က စင်္ကာပူအစိုးရသည် အာရှတိုက်တွင် ဝါရှင်တန်အစိုးရ၏ အရင်းနှီးဆုံးသော မဟာဗျူဟာမြောက် မိတ်ဖက်တစ်ဦးဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံကို   နျူကလီးယားအင်အားကြီးနိုင်ငံ မဖြစ်အောင် တားဆီး ရန်ကြိုးပမ်းသည့် စင်္ကာပူအစိုးရ၏ မဆုတ်မနစ်အားထုတ်မှုများကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

လီရှင်လောင်းကလည်း သူ၏နိုင်ငံအနေဖြင့် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားပဋိပက္ခပေါ်ပေါက်လာမည်ကို ဆန့်ကျင်ကြောင်းနှင့် ထိုပြသနာအားလွယ်လွယ်ကူကူ ဖြေရှင်း၍မရနိုင်သည်ကို သတိပြုရမှာဖြစ်ကြောင်း ပြောခဲ့သည်။

“မြောက်ကိုရီးယားကို ဖိအားပေးရမှာဖြစ်သလို အပြန်အလှန်ဆွေးနွေးဖို့လည်း လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံ ဟာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှားတို့အပါဝင် အခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီး ဒီအရေးကိစ္စကို ဖြေရှင်းဖို့ လိုအပ်ပါတယ်” ဟု လီရှင်လောင်းက ပြောခဲ့သည်။

လာမည့်နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ သွားရောက်လည်ပတ်မည့် ထရမ့်၏ခရီးစဉ်အတွင်း အဓိကဆွေးနွေးသွားရမည့် ကိစ္စများရပ်များမှာ ပြီးခဲ့သောလ အစောပိုင်းက လုပ်ဆောင်ခဲ့သော မြောက်ကိုရီးယားတို့၏ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုနှင့် ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုများဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required