‘ကျနော့်အသက်အရွယ်မှာ ဒီဆုကို လက်ခံရရှိလို့ အလွန်ဂုဏ်ယူမိပါတယ်’ – ဘူဖွန်

‘ကျနော့်အသက်အရွယ်မှာ ဒီဆုကို လက်ခံရရှိလို့ အလွန်ဂုဏ်ယူမိပါတယ်’ – ဘူဖွန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ(FIFA)မှ ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးဆုပေးပွဲ The Best FIFA Football Awards အခမ်းအနားကို တနင်္လာနေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ လန်ဒန်ပလာဒီယန်မှာ ကျင်းပခဲ့ရာ အကောင်းဆုံးဂိုးသမားဆုကို ဂျူဗင်တပ်စ်အသင်းရဲ့ ဝါရင့်ဂိုးသမား ဘူဖွန်က ဒုတိယအကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဘူဖွန်ဟာ ရီးယဲလ်အသင်းဂိုးသမား နာဗတ်နှင့် ဘိုင်ယန်မြူးနစ်ရဲ့ နူအာတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

“ကျနော့်အသက်အရွယ်မှာ ဒီဆုကို လက်ခံရရှိလို့ အလွန်ကြီးစွာ ဂုဏ်ယူမိပါတယ်။ ကျနော်ရဲ့ ကလပ်အသင်း၊ နည်းပြနှင့် ကစားဖော်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ သူတို့ဟာ ဒီလိုဖြစ်လာအောင် ကူညီခဲ့လို့ပဲဖြစ်ပါတယ်။”လို့ ဘူဖွန်က ပြောပါတယ်။

“ကျနော်ကို မဲပေးရွေးချယ်ခဲ့ကြတဲ့ အယောက်အားလုံးကို ကျနော် ကျေးဇူးတင်ရှိပါတယ်။ ဖြစ်နိုင်ရင်ပေါ့ အလွန်ကောင်းမွန်တဲ့ အောင်ပွဲတစ်ခုနဲ့အတူ ကျနော် အဆုံးသတ်ချင်ပါတယ်။”လို့ သူက ထည့်သွင်း ပြောဆိုသွားပါတယ်။

ဘူဖွန်ဟာ ၂၀၁၆-၂၀၁၇ ရာသီမှာ ၆ ကြိမ်ဆက် စီးရီးအေ ချန်ပီယံဆုအတွက် ရယူပေးရာမှာ ဂျူဗင်တပ်စ်အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သလို ဒီနှစ်အစောပိုင်းက ဝေလ်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ အသင်းကို ဦးဆောင်နိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာတော့ ရီးယဲလ်အသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required