FIFA The Best ဆုကို ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို ၂ နှစ်ဆက်တိုက် ရရှိ

FIFA The Best ဆုကို ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို ၂ နှစ်ဆက်တိုက် ရရှိ
(ဓာတ်ပုံ - အီးပီအေ)

အောက်တိုဘာ ၂၄၊ လန်ဒန် ။          ။ FIFA The Best 2017 ဆုပေးပွဲ အခမ်းအနားကို လန်ဒန်မြို့၌ ကျင်းပခဲ့ရာ ရီးယဲလ်နှင့် ပေါ်တူဂီလက်ရွေးစင်ကစား သမားစီရော်နယ်ဒိုက FIFA The Best အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့သည်။

စီရော်နယ်ဒိုသည် ပြိုင်ဘက်ကစး သမားများဖြစ်သော မက်ဆီနှင့်နေမာတို့ကို ဖြတ်ကျော်ပြီး ၂ နှစ်ဆက်တိုက်ဆုရရှိခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားနှင့်လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့ခြင်းကြောင့် ရေပန်းစားခဲ့သည့်အတိုင်း ဆုရရှိခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးနည်းပြဆုကိုမူ ရီးယဲလ်နည်းပြဇီဒန်းက ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို ဂျူဗင်တပ်စ်ဂိုးသမားဘတ်ဖွန်က ရရှိခဲ့သည်။ ဇီဒန်းသည် ရီးယဲလ် အသင်းနှင့်အတူ ပြီးခဲ့သည့် ၁၂ လအတွင်း ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားနှင့် ဥရောပစူပါဖလားများကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီတို့ကို ဖြတ်ကျော်ပြီး အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။

အမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆုနှင့် အမျိုးသမီးအကောင်းဆုံးနည်းပြဆုများကို နယ်သာလန်လက်ရွေးစင်အသင်းက သိမ်းပိုက်သွားခဲ့သည်။ နယ်သာလန်လက်ရွေးစင် အသင်းအတွက် ပထမဆုံးယူရိုချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြသည့် နည်းပြဆာရီနာဝီမန်နှင့် ကွင်းလယ်တိုက်စစ်ကစားသမား လီကန်မာတန့်စ်တို့က ရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆုရှင်မာတန့်စ်သည် ဘာစီလိုနာအသင်းတွင် ကစားနေသူ ဖြစ်သည်။

 

အကောင်းဆုံးပရိသတ်ဆုကိုဆဲလ်တစ်အသင်းက ရရှိခဲ့ပြီး အသန့်ရှင်းဆုံးဆုကိုမူ ချက်ကလပ် FC Zborjovka Brno အသင်းမှ တိုဂိုလက်ရွေးစင်ကစားသမား ဖရန်ဆစ်ကိုနေးက ရရှိခဲ့သည်။

ကိုနေးသည် ပြိုင်ဘက်ဂိုးသမား၏ အသက်ကို ကယ်တင်ခဲ့ခြင်းကြောင့်ဆုရခဲ့ခြင်းဖြစ်သည်။ ၎င်းသည် (၄)ကြိမ်တိုင် ပြိုင်ဘက်များကို ကယ်တင်ခဲ့ဖူးသူဖြစ်သည်။

အကောင်းဆုံး ၁၁ ဦးစာရင်းတွင် လာလီဂါမှ ၈ ဦးပါဝင်

၂၀၁၇ ခုနှစ်အတွက် FIFA The Best အကောင်းဆုံး ၁၁ ဦးကို ရွေးချယ်ခဲ့ရာတွင် ဘာစီလိုနာ နှင့်ရီးယဲလ်ကစားသမားများ ဦးဆောင်ပါ ဝင်ခဲ့ကြသည်။ အကောင်းဆုံး(၁၁)ဦးစာရင်းတွင် ရီးယဲလ်မှ(၅)ဦး၊ ဘာစီလိုနာမှ(၃)ဦး၊ ဂျူဗင်တပ်စ်မှ(၃)ဦးရွေးချယ်ခံခဲ့ရသည်။ ထို(၁၁)ဦးကို (၄-၃-၃)ကစားကွက်ပုံစံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံး ၁၁ ဦး

ဂိုး- ဘတ်ဖွန်(ဂျူဗင်တပ်စ်)

နောက်- အဲလ်ဗက်စ်(ဂျူဗင်တပ်စ်/ပီအက်စ်ဂျီ)၊ ဘိုနုချီ(ဂျူဗင်တပ်စ်/အေစီမီလန်)၊ရာမို့စ်၊ မာဆယ်လို(ရီးယဲလ်)

လယ်- မိုဒရစ်၊ တိုနီခရုစ်(ရီးယဲလ်)၊ အင်နီယေစတာ(ဘာစီလိုနာ)

ရှေ့- စီရော်နယ်ဒို(ရီးယဲလ်)၊ မက်ဆီ(ဘာစီလိုနာ)၊ နေမာ(ဘာစီလိုနာ/ပီအက်စ်ဂျီ)

အကောင်းဆုံးသွင်းဂိုးဆုကို ဂီရော့ဒ်ဆွတ်ခူး

အဆင်နယ်နှင့် ပြင်သစ်တိုက်စစ်မှူးဂီရော့ဒ်သည် FIFA The Best အကောင်းဆုံးဂိုးဆု(ပွတ်ရှ်ကပ်စ်)ကို ရရှိသွားခဲ့သည်။ ဂီရော့ဒ်သည် ယင်းဆုကို ပြီးခဲ့သည့် ဇန်နဝါရီလက ပဲလေ့စ်နှင့်ကစားခဲ့သောပရီးမီးယားလိဂ် ပွဲစဉ်တွင် ကင်းမြီးကောက်ကန်ချက်နှင့် သွင်းယူခဲ့သောဂိုးဖြင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ဂီရော့ဒ်သည် အဆိုပါ အကောင်းဆုံးဂိုးဆုကို ရရှိရန် မာဆူလူကီ၊ ကက်တယ်လာနော့စ် စသည့် ကစားသမားများ၏သွင်းဂိုးများဖြင့် ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ယင်းဆုကို ရရှိခဲ့သည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း အာဆင်နယ်တိုက် စစ်မှူးဂီရော့ဒ်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly