အမေရိကန်ကာကွယ်ရေး ဝန်ကြီး အာရှခရီးစဉ်တွင် မြောက်ကိုရီးယား ခြိမ်းခြောက်မှုအရေး အဓိကထားမည်

အမေရိကန်ကာကွယ်ရေး ဝန်ကြီး အာရှခရီးစဉ်တွင် မြောက်ကိုရီးယား ခြိမ်းခြောက်မှုအရေး အဓိကထားမည်

မနီလာ၊ အောက်တိုဘာ ၂၃ ။          ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ၎င်း၏ ယခုသီတင်းပတ် အာရှခရီးစဉ်တွင် မြောက်ကိုရီးယားမှ စစ်ရေးခြိမ်းခြောက်မှုများအရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်က ပြောသည်။

ကာကွယ်ရေးဝန်ကြီး ဂျိမ်းမတ်တစ်၏ အာရှခရီးစဉ်ကို သမ္မတ ဒေါ်နယ်ထရမ့်၏ အာရှခရီးစဉ် မတိုင်မီ လာရောက်ရန် ရှိခြင်းလည်း ဖြစ်သည်။

ပြုံယမ်း၏ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုနှင့် အမေရိကန်အထိ ရောက်နိုင်ဖွယ်ရှိသော အကွာအဝေးကို ပစ်ခတ်စွမ်းသည့် တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်စမ်းသပ်ခြင်းများကြောင့် ကွဲကွာနေသော ကိုရီးယားကျွန်းဆွယ်အရေးက တင်းမာမှုများ မြင့်မားလျက်ရှိနေသည်။

ထိုသို့ တင်းမာမှုများကြား ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ကြား စစ်သံလွှမ်းသည့် ခြိမ်းခြောက်စကားများနှင့် အပြန်အလှန်ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများကလည်း မီးစထိုးပေးနေသကဲ့သို့ ဖြစ်နေသည်။

အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများနှင့် လုံခြုံရေးရာများ ဆွေးနွေးရန် ဖိလစ်ပိုင်သို့ သွားရောက်ရာ ခရီးစဉ်တွင် မတ်တစ်က “မြောက်ကိုရီးယားရဲ့ အဆင်အခြင်မဲ့မှုကြောင့် ဖြစ်လာရတဲ့ ဒေသတွင်း လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးသွားပါမယ်။ အခြားကိစ္စရပ်တွေကိုလည်းပဲ ဆွေးနွေးမှာဖြစ်ပါတယ်။”ဟု ပြောသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် အာရှက အဓိကအမေရိကန်မဟာမိတ်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် သုံးဖလှယ် ဆွေးနွေးဖြစ်ဖွယ်ရှိသည့် အဆိုပါ ဖိုရမ်အပြီးတွင် မတ်တစ်အနေဖြင့် နှစ်ပတ်လည် ကာကွယ်ရေးဆွေးနွေးပွဲများအတွက် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်သည်။

“ကျွန်တော်တို့တွေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းဖော်ဆောင်မလဲဆိုတာ၊ ကျွန်တော်တို့ မဟာမိတ် သုံးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံက နိုင်ငံအားလုံးနဲ့အတူ သံတမန်လမ်းကြောင်းပေါ်ကနေ မြောက်ကိုရီးယား နျူကလီးယား လက်နက်မဲ့ရေး လုပ်ဆောင်နေချိန်မှာပဲ စစ်ရေးသတိရှိဖို့ကိုလည်း ဖော်ဆောင်သွားပါမယ်။”ဟု ဂျိမ်းမတ်တစ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly