စစ်မှုထမ်းရန်စာရင်းမပေးမီ သူ၏ပရိသတ်များကို လူမှုမီဒီယာမှတဆင့် ကင်မ်ဆိုးဟွမ်းနှုတ်ဆက်

စစ်မှုထမ်းရန်စာရင်းမပေးမီ သူ၏ပရိသတ်များကို လူမှုမီဒီယာမှတဆင့် ကင်မ်ဆိုးဟွမ်းနှုတ်ဆက်

 

တောင်ကိုရီးယားမင်းသား ကင်မ်ဆိုးဟွမ်းသည် စစ်မှုမထမ်းမနေရ ဥပဒေအရ သူ၏နိုင်ငံသားတာဝန်ကို ထမ်းဆောင်ရန်အတွက် အောက်တိုဘာလ ၂၃ရက်နေ့တွင် စစ်တပ်ထဲဝင်ရန် စာရင်းပေးခဲ့သည်။

ကင်မ်ဆိုးဟွမ်းသည် ပါဂျူးရှိ စစ်သားစုဆောင်းရေးစင်တာသို့ ရောက်ရှိလာခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ သူ၏ပရိသတ်များက သူ့ကိုလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

နှုတ်ဆက်မိန့်ခွန်းများ ပြောကြားခဲ့ခြင်းမရှိဘဲ သိုသိုသိပ်သပ်နှင့်သာ စာရင်းပေးသွင်းရန်ဆုံးဖြတ်ခဲ့သည့် ကင်မ်ဆိုးဟွမ်းသည် သူ၏အင်စတာဂရမ်မှတဆင့် ပရိသတ်များအတွက် အမှာစကားတစ်ခုချန်ထားခဲ့သည်။

“မင်္ဂလာပါ။ ကျနော်ကင်မ်ဆိုးဟွမ်းပါ။ ကျနော်စစ်ထဲဝင်ဖို့ စာရင်းမပေးခင်မှာ ပရိသတ်တွေကို အကျဉ်းချုံးပြီး နှုတ်ဆက်ချင်ပါတယ်။ ကျနော့်ကိုအမြဲတမ်းအားပေးခဲ့တဲ့ သူအားလုံးကို ကျနော်လှိုက်လှိုက်လှဲလဲှ ကျေးဇူးတင်ပါတယ်။ ကျန်းမာရေးကောင်းမွန်စွာနဲ့ ကျနော်ပြန်လာခဲ့ပါမယ်။ ခင်ဗျားတို့အားလုံးလည်း ကျန်းမာရေးဂရုစိုက်ကြပါ” ဟု သူက သူ၏အင်စတာဂရမ်၌ ရေးသားခဲ့သည်။

နှုတ်ဆက်ပွဲမလုပ်ပဲ စစ်တပ်ဝင်ဖို့စာရင်းပေးခဲ့သည့် ကင်မ်ဆိုးဟွမ်းနှင့်ပက်သက်၍ သူ၏အေဂျင်စီက “ကင်မ် ဆိုးဟွမ်းဟာ သိုသိုသိပ်သိပ်နဲ့ပဲ စစ်ထဲဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် တခြားလူတွေလည်း သူ့လိုမျိုး စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ သူကနာမည်ကျော်ပုဂ္ဂိုလ်ဖြစ်တာနဲ့ပဲ ထူးထူးခြားခြား အစီအစဉ်တွေလုပ်နေရင် တခြားသူတွေအတွက် စိတ်မသက်မသာဖြစ်သွားစေနိုင်လို့ပါ” ဟု ရှင်းပြခဲ့သည်။

ကင်မ်ဆိုးဟွမ်းသည် အခြေခံစစ်သင်တန်းကို ငါးပတ်ခန့်တက်ရောက်မည်ဖြစ်ပြီး ထို့နောက်တွင် ၂၁လခန့် စစ်မှုထမ်းတာဝန်ထမ်းဆောင်မည်ဖြစ်ကာ လာမည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် တာဝန်ပြီးဆုံးမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly