အင်ဒိုစစ်တပ်အကြီးအကဲ အမေရိကန်နိုင်ငံထဲ ၀င်ရောက်ခွင့် အငြင်းခံရတဲ့ကိစ္စ ၀ါရှင်တန် ပြန်တောင်းပန်

အင်ဒိုစစ်တပ်အကြီးအကဲ အမေရိကန်နိုင်ငံထဲ ၀င်ရောက်ခွင့် အငြင်းခံရတဲ့ကိစ္စ ၀ါရှင်တန် ပြန်တောင်းပန်

 

အောက်တိုဘာ ၂၃ ။                     ။ အင်ဒိုနီးရှားစစ်တပ်အကြီးအကဲ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့် တားမြစ်ခံရတဲ့ကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်လို့ ယခုအခါ အမေရိကန်ဘက်က    ပြန်လည်တောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။

အင်ဒိုစစ်ဘက်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဂက်တော့ နာမန်တီယို ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က အမေရိကန်ကို လေကြောင်းနဲ့ သွားရောက်ဖို့အစီအစဉ်ရှိခဲ့ပေမယ့်   လေဆိပ်မှာပဲ လေယာဉ်ပေါ်တက်ခွင့် ငြင်းဆန်ခံခဲ့ရတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး နာမန်တီယိုကိုတော့ ယင်းနေ့က အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအေဂျင်စီက ဂျာကာတာမှာ အမေရိကန်ကိုထွက်မယ့် လေယာဉ်တစ်စီးပေါ် လိုက်ပါစီးနင်းခွင့် တားမြစ်ခဲ့တာဖြစ်လို့ ယင်းကိစ္စနဲ့ပတ်သက်လို့ အမြန်ဆုံး ဖြေရှင်းပေးဖို့ အင်ဒိုအာဏာပိုင်တွေက တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ အဆင့်မြင့်စစ်ဘက်အရာရှိကြီးတစ်ခုဖြစ်တဲ့ ပူးတွဲစစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဂျိုးဇက် အက်ဖ် ဒန်းဖို့ဒ်ကိုယ်တိုင်က အင်ဒိုဗိုလ်ချုပ်ကြီး နာမန်တီယိုကို ကွန်းဖရင့်တစ်ခုတက်ဖို့ ဝါရှင်တန်ဆီ လာရောက်ဖို့ ဖိတ်ကြားထားခဲ့တာဖြစ်ပါတယ်။

ယခုကိစ္စနဲ့ပတ်သက်လို့ အင်ဒိုနီးရှားဆိုင်ရာ အမေရိကန်သံရုံး ဒုတိယသံအမတ် အီရန် အဲလိဇဘက် မက်ကီးက ပြောကြားရာမှာတော့ ဗိုလ်ချုပ်ကြီး နာမန်တီယိုအနေနဲ့ အမေရိကန်နိုင်ငံဆီ လွတ်လပ်စွာ ဝင်ထွက်ခွင့် ရှိပါကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

အင်ဒို နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ပြောရာမှာတော့ အမေရိကန်သံအမတ်ဘက်က ဒီကိစ္စအပေါ် တောင်းပန်ထားကြောင်း၊ ဒါပေမယ့် ဖြစ်ခဲ့ရတဲ့ပြဿနာနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ဖြေရှင်းချက် မပေးသေးကြောင်း ဆိုပါတယ်။

အဆိုပါကိစ္စမှာတော့ အမေရိကန်ဘက်က ကျေနပ်လောက်တဲ့အထိ ရှင်းလင်းဖြေရှင်းပေးခြင်းမရှိဘူးဆိုရင်တော့ ဗိုလ်ချုပ်ကြီး နာမန်တီယိုအနေနဲ့ စီစဉ်ထားတဲ့ ကွန်းဖရင့်ကို တက်ရောက်မှာမဟုတ်ဘူးဆိုပြီး အင်ဒိုစစ်တပ်က ပြောခဲ့ပါတယ်။ " အမှားတစ်ခု ဖြစ်သွားရင် တောင်းပန်ရမှာပါပဲ၊ စစ်တပ်အကြီးအကဲတင်မကပါဘူး၊ အစိုးရကိုပါ တောင်းပန်ရမှာပါ" ဆိုပြီး အင်ဒိုစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required