Super Bowl ဘောလုံးပြိုင်ပွဲ၌ ဦးဆောင်ဖျော်ဖြေမည့် အဆိုရှင်အဖြစ် ဂျက်စတင်တင်ဘာလိတ်ခ်ကို ရွေးချယ်

Super Bowl ဘောလုံးပြိုင်ပွဲ၌ ဦးဆောင်ဖျော်ဖြေမည့် အဆိုရှင်အဖြစ် ဂျက်စတင်တင်ဘာလိတ်ခ်ကို ရွေးချယ်

 

ဂရမ်မီဆုများရှင် ပေါ့ပ်အဆိုတော် ဂျက်စတင်တင်ဘာလိတ်ခ်သည် အမေရိကန်ဘောလုံးပြိုင်ပွဲ Super Bowl ၌ ပထမပိုင်းအပြီးအားလပ်ချိန်တွင် ဦးဆောင်ဖျော်ဖြေမည်ဖြစ်ကြောင်း အမေရိကန်ဘောလုံးအဖွဲ့ချုပ်က တနင်္ဂနွေ နေ့တွင် ကြေညာခဲ့သည်။

ယခုအကြိမ်သည် တင်ဘာလိတ်ခ်အတွက် နာမည်ကျော် Super Bowl ပြိုင်ပွဲတွင် သုံးကြိမ်မြောက် ဖျော်ဖြေသည့် ရှိုးပွဲတစ်ခုဖြစ်လာမည်ဖြစ်ပြီး Can’t Stop The Feeling သီချင်း၏အဆိုရှင်သည် အမေရိကန်၌ လူကြည့် အများဆုံးဖြစ်သော ထိုပြိုင်ပွဲ၌ ဖျော်ဖြေမှုအများဆုံး ပြုလုပ်သည့် အဆိုရှင်တစ်ဦးဖြစ်လာမည် ဖြစ်ကြောင်း အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထဲ၌ ဖော်ပြထားသည်။

ဂရမ်မီဆု ၁၀ ကြိမ်ဆွတ်ခူးထားသည့် တင်ဘာလိတ်ခ်သည် လွန်ခဲ့သော ၂၀၀၄ ခုနှစ်က Super Bowl ပြိုင်ပွဲ၌ နောက်ဆုံးဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ဟူစတန်မြို့၌ ကျင်းပခဲ့သော ထိုရှိုးပွဲတွင် သူနှင့်အတူ ဖျော်ဖြေခဲ့သည့် ဂျားနက်ဂျက်ဆန်၏အဝတ်ကို ဆုတ်ဖြဲမိသလို ဖြစ်စေခဲ့သည်အထိ ဖျော်ဖြေခဲ့သူဖြစ်သည်။

Super Bowl ပြိုင်ပွဲသည် အမေရိကန်ရုပ်သံ၌ လူကြည့်အများဆုံး အစီအစဉ်တစ်ခုဖြစ်ပြီး ပျမ်းမျှအားဖြင့် ထိုပြိုင်ပွဲကိုကြည့်ရှုသူဦးရေ သန်း ၁၀၀ ကျော်ခန့်အထိရှိကြောင်း သိရသည်။ ထိုပြိုင်ပွဲ၏ ပထမပိုင်းအပြီး အားလပ်ချိန်တွင် နာမည်ကျော်အဆိုရှင်များက ပရိသတ်များကို သီဆိုဖျော်ဖြေလေ့ရှိပြီး လေဒီဂါဂါ၊ Coldplay၊ ဘီယွန်းစေး၊ ကေတီပယ်ရီ၊ မက်ဒေါနားနှင့် ဘရူနိုမားစ်တို့ကဲ့သို့သော နာမည်ကျော်အဆိုရှင်များ ပါဝင်ဖျော်ဖြေ ခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required