NCA ကိုပိုမိုအားကောင်းစေရန် အဆိုပြုချက် များကို ဦးစွာ တင်သွင်းဆွေးနွေးနေရခြင်းဖြစ်ကြောင်း ခူဦးရယ်ပြော

NCA ကိုပိုမိုအားကောင်းစေရန် အဆိုပြုချက် များကို ဦးစွာ တင်သွင်းဆွေးနွေးနေရခြင်းဖြစ်ကြောင်း ခူဦးရယ်ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၃ ။            ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကိုအကောင်အထည်ဖော်ရာတွင် ပိုမိုအားကောင်းစေရန်အတွက် လက်မှတ်ရေးထိုးခြင်းမပြုသေး ဘဲ အဆိုပြုချက် များ ကို ဦးစွာတင်သွင်းဆွေးနွေးနေရခြင်းဖြစ်ကြောင်း UNFC၏  နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)  အဖွဲ့ခေါင်းဆောင် ခူဦးရယ် ကပြောဆိုလိုက်သည်။

ယနေ့ (အောက်တိုဘာ ၂၃ ရက်) ရန်ကုန်မြို့ ရွှေလီလမ်းရှိ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် DPN  တို့ ပြုလုပ် နေသည့်အစည်းအ ဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြော ဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် DPN က အဆိုပြုချက် ၈ချက် တင်သွင်းထားသည်။

“ NCA မှာပြဌာန်းချက်အချို့တွေက နည်းနည်းလေးအားနည်းနေသေးတယ်။ အကြေအလည် ညှိနှိုင်းဆောင်ရွက်ဖို့လိုသေးတယ် လို့ကျွန် တော်တို့ဘက်က အမြင်ရှိတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီ့အားနည်းချက်လေးတွေကို အားသာချက် ဖြစ်အောင်၊ အကောင်အထည်ဖော်တဲ့အခါမျိုး တွေမှာ အားကောင်းလာစေအောင်ဆိုပြီးတော့ ထုတ်နုတ်ပြီး အဆိုပြုချက် ၈ ချက်နဲ့ဆွေးနွေးခဲ့တာဖြစ်ပါတယ် “ ဟု DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ် ကပြောသည်။

နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ အစိုးရနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်အတွက်ဖွဲ့စည်းထားသည့့်အဖွဲ့လည်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးရန် DPN အနေဖြင့် အဆိုပြုချက် ၈ ချက်ကို အတည်ပြုပေးရန် အစိုးရသို့တင်ပြထားပြီး  အချက် ၄ ချက်ကို မူအားဖြင့် သဘောတူညီချက်ရရှိထားသည်။

UNFC မှ အဆိုပြုချက်အနက်  (၈) ချက်အနက် မပြေလည်သေးသော အချက်များ ၄ချက်ထဲတွင် မူဘောင်ပြန်လည်သုံးသပ်ရေး၊ တပ်နေရာချထား ရေး၊ JMC တွင် နှစ်ဖက်ကိုယ်စားလှယ်များကိစ္စ၊ စီမံကိန်းများ ဖော်ဆောင်မည်ဆိုပါက ဒေသခံပြည်သူ လူထု နှင့်  ညှိနှိုင်းဆောင်ရွက်ရန် စသည့် အဆိုပြုချက်များပါဝင် ပါသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်က “ NCA မှာမကြိုက်ဘူး။ အခြေခံအချက်တွေမကြိက်ဘူးဆိုရင် လုပ်ငန်းလမ်းညွှန်တွေပြင်လို့ရပါတယ်။ NCA မှာပါတဲ့အချို့ဥစ္စာတွေမှာ ညှိနှိုင်းဆောင်ရွက် လို့ရပါတယ်။ ဒီလိုလုပ်လို့ရှိရင် ခုနကပြောတဲ့  ပူးပေါင်းပြီးတော့ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ် “ ဟုပြောသည်။

UNFC ၏ အဆိုပြုချက် ၈ ချက်အပေါ် DPN နှင့် PC တို့အကြား ညှိနှိုင်းဆွေးနွေးသည်မှာ ၇ ကြိမ် ရှိပြီ ဖြစ် သော်လည်း အပြီးသတ် သဘောတူညီမှု မရရှိသေးသည်မှာ ၁၅ လ ကြာခဲ့ပြီ ဖြစ်သည်။

UNFC မှတင်ပြထားသည့်အချက်များ ပြေလည်မည်ဆိုပါက UNFC သည် ဒီဇင်ဘာလတွင်ကျင်းပရန်ရှိသည့် ၂၁ ပင်လုံညီလာခံမတိုင်မှီ တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် (NCA) ရေးထိုးဖွယ်ရှိနေသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် NCA လက်မှတ် မရေးထိုးသေးသည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊  မွန်ပြည်သစ်ပါတီ (NMSP)၊  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required