ကစားသမားဘဝမှာ ၈ ကြိမ်မြောက် အနီကတ် ပြသခံခဲ့ရတဲ့ နေမာ

ကစားသမားဘဝမှာ ၈ ကြိမ်မြောက် အနီကတ် ပြသခံခဲ့ရတဲ့ နေမာ

အောက်တိုဘာ ၂၃၊ ပြင်သစ် ။              ။ တစ်ဖက် ၂ ဂိုးစီသရေကျခဲ့တဲ့ မာဆေးလ်နဲ့ပီအက်စ်ဂျီတို့ရဲ့ပွဲမှာ နေမာဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ၈ ကြိမ်မြောက် အနီကတ်ပြသခံခဲ့ရပါတယ်။

နေမာကို မာဆေးလ်ကစားသမားတွေက အကြိမ်ကြိမ်ပြစ်ဒဏ်ကျူးလွန်ခဲ့ရာမှာ နေမာက မခံနိုင်တော့ပဲ နောက်ဆုံးဘောလုံးဖျက်ထုတ်ခဲ့တဲ့ အော်ကမ်ပို့စ်ကို ဆောင့်တွန်းခဲ့ရာက ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီအနီကတ်ဟာ ပီအက်စ်ဂျီကစားသမားဘ၀ နေမာရဲ့ ပထမဆုံးအနီကတ်ဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် ၈ ကြိမ်မြောက် အနီကတ် ဖြစ်ပါတယ်။ နေမာဟာ ဆန်းတို့စ်အသင်းမှာ ၅ ကြိမ်၊ ဘရာဇီးအသင်းမှာ ၁ ကြိမ်၊ ဘာစီလိုနာအသင်းမှာ ၁ ကြိမ် အနီကတ် ပြသခံခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းနည်းပြ အမ်မရီကတော့ နေမာရဲ့ အနီကတ်ဟာ မမျှတဘူးလို့ ဝေဖန်ခဲ့ပါတယ်။

“နေမာရဲ့ အနီကတ်အတွက် ကျွန်တော်တို့ အနည်းငယ်စိတ်ပျက်ရပါတယ်။ သူဟာ ပွဲချိန်တစ်လျှောက်လုံး ပြစ်ဒဏ်ကျူးလွန်ခံနေရတာပါ။ ဒိုင်လူကြီးအနေနဲ့ သူ့ကို ဒီထက်ပိုပြီး အကာအကွယ်ပေးသင့်ပါတယ်” လို့ အမ်မရီက ဆိုပါတယ်။

ဒီပွဲစဉ်မှာ ဂူစတာဗိုက မာဆေးလ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး နေမာက ပီအက်စ်ဂျီအတွက် ပြန်လည်ချေပပေးခဲ့ပါတယ်။ အဲ့ဒီနောက် သော်ဗင်က မာဆေးလ်အတွက် အနိုင်ဂိုးထပ်သွင်းပေးခဲ့ပြီး ပွဲပြီးခါနီးမှ ကာဗာနီက ပြစ်ဒဏ်ဘောကနေ ပီအက်စ်ဂျီအတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required