ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေ ကျပ်သိန်းပေါင်း ရ သောင်းကျော်ရရှိ

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေ ကျပ်သိန်းပေါင်း ရ သောင်းကျော်ရရှိ

 

ရန်ကုန်၊ အောက်တိုဘာလ ၂၃ ။                ။ ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိပြီ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူရှင်များက စုပေါင်းလှူဒါန်းထားသည့် အလှူငွေစုစုပေါင်းမှာ အောက်တိုဘာလ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၇၂,၅၃၅ ရှိပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲပြုလုပ်ခဲ့ပြီး ဒေါက်တာအရှင်သူရိယဓဇက အလှူငွေကျပ် ၉၁၈,၄ဝဝ အား ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက လက်ခံရယူခဲ့သည်။

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ Myanmar Monk-Students Welfare Association of INDIA (Myanmar Buddhist Academic Centre) ဗုဒ္ဓဂယာအိန္ဒိယမှ ဒေါက်တာအရှင်သူရိယဓဇ ဦးဆောင်သည့် သံဃာတော်များ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးတလျှောက် ကင်းစခန်း ၅၂ ခုနှင့် တံတား ၉၆ စင်းကို တည်ဆောက်လျက်ရှိပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်များကို ဘတ်ဂျက်ပေါ် မူတည်ကာ ပိုမိုကောင်းမွန်သည့် လုံခြုံရေးစနစ်များ ထားရှိဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၂၂၆ ဒဿမ ၆၈ မိုင် ရှည်လျားသည့် အဆိုပါ နယ်စပ်ခြံစည်းရိုးတလျှောက် လှည့်ကင်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေး ကင်းလှည့်လမ်းများအဖြစ် ၁၃၄ ဒဿမ ၅၃ မိုင် ထိ   ဖောက်လုပ်သွားမည်ဖြစ်ကာ ခြံစည်းရိုးလမ်း၊ ကင်းလှည့်လမ်း၊ ပင်မလမ်းတို့ ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် လမ်းကွန်ရက်ကိုလည်း ၂၀၀ ဒဿမ ၄၄ မိုင်ထိ ဖြည့်စွက်ဆောင်ရွက်လျှက် ရှိကြောင်း ပြည်နယ်နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၏ ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly