ကာရာချီမြို့၌ စစ်သွေးကြွ ၈ ဦးခန့်ကို ပါကစ္စတန် လုံခြံုရေးတပ်ဖွဲ့ သုတ်သင်

ကာရာချီမြို့၌ စစ်သွေးကြွ ၈ ဦးခန့်ကို ပါကစ္စတန် လုံခြံုရေးတပ်ဖွဲ့ သုတ်သင်

ကာရာချီ၊ ပါကစ္စတန်၊ အောက်တိုဘာ ၂၂ ။            ။ ပါကစ္စတန်နိုင်ငံ ကာရာချီမြို့မှ အတိုက်အခံနိုင်ငံရေးသမားတစ်ဦးကို လုပ်ကြံဖို့ကြိုးစားခဲ့ကြသည့် စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင်များကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ပြီး စစ်သွေးကြွ ၈ ဦးခန့်သေဆုံးခဲ့ ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

စစ်သွေးကြွအဖွဲ့တစ်ဖွဲ့သည် ရာအီးစ်ဂို့သ်ရပ်ကွက်၌ လှုပ်ရှားနေခဲ့သည်ကို ထောက်လှမ်းရေးသတင်းရရှိခဲ့သော ကြောင့် ပါကစ္စတန်ရိန်းဂျားအဖွဲ့နှင့် အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေးအရာရှိများ ပူးပေါင်းကာ ညအချိန်၌ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဆစ်ဒ်ခရိုင်ရှိ ရိန်းဂျားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

“ပြင်းထန်တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီးမှာ အကြမ်းဖက်သမား ၅ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီးတော့ ဒဏ်ရာ ရရှိခဲ့တဲ့ ၃ ဦးဟာ ဆေးရုံမှာသေဆုံးခဲ့ပါတယ်” ဟု ထိုပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ဒါ့အပြင် သေဆုံးခဲ့သော စစ်သွေးကြွများထဲမှ အဖွဲ့ဝင် ၂ဦးမှာ အသစ်ဖွဲ့စည်းထားသည့် အန်ဆာအူလ်ရှာရီယာ ဟု ခေါ်ဆိုသော အဖွဲ့တစ်ခုမှဖြစ်ပြီး ထိုအဖွဲ့သည် ပြီးခဲ့သောစက်တင်ဘာလက အတိုက်အခံနိုင်ငံရေးသမား ခါဝါဂျာအစ်ဇ်ဟာရူလ်ဟတ်ဆန်ကို လုပ်ကြံဖို့ကြိုးစားခဲ့သည့်အဖွဲ့ဖြစ်ကြောင်း သူက ဆက်ပြောခဲ့သည်။

ထိုစစ်သွေးကြွအဖွဲ့၏လက်ချက်ကြောင့် ဟတ်ဆန်သေဆုံးခဲ့ခြင်းမရှိသော်လည်း အစောင့်တစ်ဦးနှင့် ၁၀ နှစ်သား ကလေးတစ်ဦးတို့သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုလုပ်ကြံမှုကို အဓိကကြိုးကိုင်ခဲ့သည့် အက်ဘ်ဒူလာဟတ်ရှ်မီသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့သည့်ညက သေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး လူပေါင်း ၁၄သန်းခန့်နေထိုင်သော ကာရာချီမြို့သည် စီးပွားရေးလုပ်ငန်း များနှင့် စက်မှုလုပ်ငန်းတို့ဖြင့် စည်ကားသောမြို့ဖြစ်သော်လည်း ဂိုဏ်းဂဏအစွဲများ၊ တိုင်းရင်းသားလက်နက် ကိုင်များနှင့် နိုင်ငံရေးအရှုပ်အရှင်းများကြောင့် မတည်ငြိမ်မှုများနှင့် ပြည့်နှက်နေသည့် နယ်မြေတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required