ကျုံထော်ရေတံခွန် ခေတ္တပိတ်ပင်ထားရခြင်းမှာ မိုင်းများရှိနေခြင်းကြောင့်ဟုဆို

ကျုံထော်ရေတံခွန် ခေတ္တပိတ်ပင်ထားရခြင်းမှာ မိုင်းများရှိနေခြင်းကြောင့်ဟုဆို

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။           ။ ကရင်ပြည်နယ် ကျုံထော်ရေတံခွန်အနီးတစ်ဝိုက်၌ မိုင်းများ ရှိနေပြီး နယ်ခြားစောင့်တပ် BGF နှင့် DKBA (ခွဲထွက်) အဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ကျုံထော်ရေတံခွန်အား သွားလာခွင့်ကို ခေတ္တပိတ်ပင်ထားသည်ဟု နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က မဇ္ဈိမသို့ ပြောသည်။

"ခေတ္တခဏပါ။ လက်တလောမှာ မိုင်းတွေရှိနေတာရယ် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လာလာချောင်းပစ်လို့ ထိတွေ့မှုတွေ ရှိနေတာရယ်ကြောင့် ပြည်သူတွေထိမှာစိုးလို့ ပိတ်ထားတာပါ" ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက BGF နယ်ခြားစောင့်တပ် ကင်းစခန်းတစ်ခုကို DKBA(ခွဲထွက်) အင်အား ၆၀ လောက်က ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိတွေ့ပစ်ခတ်မှုများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေကြောင်း သိရသည်။ ယင်းသို့ ပစ်ခတ်မှုများ ဖြစ်ပွားပြီး နောက်ပိုင်း ကျုံထော်ရေတံခွန်ကို ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဲ့ဒီ တိုက်ပွဲမှာ ကိုယ်တို့ဘက်က လေးယောက်ကျတယ်။ သုံးယောက်ဒဏ်ရာရတယ်၊ လမ်းဘေးမှာရှိတဲ့ ကင်းစခန်းလေးပါ၊ အဲ့လိုဖြစ်ပြီးနောက်ပိုင်း ကိုယ့်တို့ပတ်ဝန်းကျင်တွေကို လာပြီးမိုင်းထောင်တယ်၊ ချောင်းပစ်တာတွေလုပ်တယ်"ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး DKBA(ခွဲထွက်) ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးစောရဲထက်ကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

နယ်ခြားစောင့်တပ် BGF နှင့် DKBA (ခွဲထွက်) အဖွဲ့များအကြား တိုက်ပွဲများသည် တစ်နှစ်ကျော်ကြာမြင့်လာနေပြီး လက်ရှိအချိန်ထိ ပြီးပြတ်မှုမရှိသေးသလို မြိုင်ကြီးငူဒေသ စစ်ဘေးရှောင်စခန်းသို့  ရောက်ရှိနေသည့် ပြည်သူ ၅၀၀၀ ကျော်ခန့်သည် လုံခြုံရေးအခြေအနေအရ နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly