ဖြိုးကိုကိုတင့်ဆန်းနေအိမ်မှ သေနတ်တစ်လက် ထပ်မံသိမ်းဆီးရမိ

ဖြိုးကိုကိုတင့်ဆန်းနေအိမ်မှ သေနတ်တစ်လက် ထပ်မံသိမ်းဆီးရမိ
ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

 

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ။              ။ နေပြည်တော် ဒဏ္ခိဏသီရိရှိ ဖြိုးကိုကိုတင့်ဆန်းနေထိုင်ရာ အိမ်ကို ယမန်နေ့ အောက်တိုဘာ ၂၀ရက်နေ့က ဝင်ရောက်ရှာဖွေရာ 9MMကျည် (၈)တောင့်ပါ RONI အမျိုးအစား GLOCK ပစ္စတို(၁)လက်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နေပြည်တော်တိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ဦးဆောင်သည့် အဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ခြင်းလည်း ဖြစ်သည်။ ဖြိုးကိုကိုတင့်ဆန်းအား နေပြည်တော် ဒက္ခိဏ သီရိမြို့မရဲစခန်းမှ ၁၉၄၉ ခုနှစ် လက်နက်(ယာယီ) ပြင်ဆင်ချက်ပုဒ်မ ၁၉-က ဖြင့် အမှုဖွင့်ထားသည်။

တရားမဝင်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုများနှင့် ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ထက်မနည်း ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အလားတူ ၁၉၅၁ ခုနှစ် လက်နက်များ(ယာယီ)ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ထက်မနည်း ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

အောက်တိုဘာ ၁၅ရက်က နေပြည်တော်လေဆိပ်တွင် ဝန်ကြီးဟောင်းတစ်ဦး၏သား ဖြိုးကိုကိုတင့်ဆန်းထံမှ သေနတ်များနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ပြီးနောက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိပြီးခဲ့ခြင်းလည်းဖြစ်သည်။

အောက်တိုဘာလ ၁၈ရက်အထိ ပစ္စတိုသေနတ် ၁၃လက်၊ ရိုင်ဖယ်သေနတ် ၆လက်၊ Gas ဖြင့် ဘောစေ့ထည့် ပစ်ခတ်သော ရိုင်ဖယ် ၁လက်၊ ပစ္စတို ၃လက်၊ ဆက်သွယ်ရေးစက် ၃၄လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ပြည်ထဲရေးက ထုတ်ပြန်ထားသည်။

တရားမဝင် လက်ဝယ်ထားရှိသော လက်နက်၊ ခဲယမ်းများအပါအဝင် ဆက်သွယ်ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံး လာရောက်အပ်နှံကြပါရန် အောက်တိုဘာ ၁၈ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required