ပင်လယ်စာငရုတ်ချဉ်ကြော်လေး

ပင်လယ်စာငရုတ်ချဉ်ကြော်လေး

 

မင်္ဂလာပါ..

ဒီတပတ်ပိတ်ရက်မှာ ပင်လယ်စာငရုတ်ချဉ်ကြော်လေး  ချက်ဖြစ်ပါတယ်။ပင်လယ်စာဆို ချက်ရတာအချိန်လဲမကုန်ပဲအရသာရှိတော့ ဘယ်လိုပဲချက်ချက် စားကောင်းတာတော့ အမှန်ပဲ။ ဒီရက်ပိုင်း ရာသီဥတုလေးက ပူလိုက်အေးလိုက်နဲ့မို့ ချွေးထွက်ပြီးလန်းဆန်းသွားအောင် ချဉ်ငံစပ် ရှူးရှဲလေးချက်စားဖို့ အကြံရသွားတယ်။ ချက်ဖို့လိုအပ်တာတွေကတော့

ပြည်ကြီးငါး ၂၅သား

ပုဇွန်ကျော့ ၂၀သား

ငရုတ်ချဉ်  အနည်းငယ်( နှစ်သက်ရာတံဆိပ် သုံးပါ ကုန်စုံဆိုင်တွေ ဈေးဝယ် စင်တာတွေမှာ ရနိုင်ပါတယ်။)

ပဲငပိချဉ်စပ် အနည်းငယ် ( နှစ်သက်ရာတံဆိပ် သုံးပါ ကုန်စုံဆိုင်တွေ ဈေးဝယ် စင်တာတွေမှာ ရနိုင်ပါတယ်။)

 ကြက်သွန်မြိတ် အနည်းငယ်

ကြက်သွန်ဖြူ အနည်းငယ်

ကြက်သွန်နီ အနည်းငယ်

ငရုတ်သီးစိမ်း အနည်းငယ်

ချင်း အနည်းငယ် တို့လိုအပ်ပါတယ်။

ပြည်ကြီးငါးကို ရေဆေး သန့်စင်ပါ။ ပြီးရင်ပါးပါးလှီးထားပါ။ ပုဇွန်ကျော့ကိုလည်း အခွံခွာထားပါ။ ပြီးရင် နှစ်ခုစလုံးကို ငရုတ်ချဉ် အနှစ် ပဲငပိ အနှစ် နဲ့ နယ်ပြီး နာရီဝက်လောက်နှပ်ထားပါ။

ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ငရုတ်သီးစိမ်း ၊ချင်း တို့ကို ရေဆေးပြီး အနေတော်လှီးဖြတ်ထားပါ။ 

COOKနေကြာဆီ စတီးဇွန်း တဇွန်းလောက်ကို အိုးထဲ ထည့် အပူပေးပါ။ ဆီပူလာရင်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ငရုတ်သီးစိမ်း ၊ချင်း တို့ကို ထည့် ဆီသတ်ပါ။

ဆီသတ်တာမွှေးလာရင်တော့ နှပ်ထားတဲ့ ပင်လယ်စာလေးတွေကို ထည့်ကြော်ပါ။ ရေမထည့်ရပါဘူး။ သမအောင်မွှေပြီး ရင် အဖုံးအုပ်ထားပါ။ ၅မိနစ်လောက်နေရင် အဖုံးဖွင့် ပြန်မွှေပါ။ ပင်လယ်စာတွေထဲက ထွက်လာတဲ့ အရည်တွေခမ်းပြီး ဆီပြန်လာရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပါ လိုတာထည့်ပါ။

အခုဆိုရင်တော့ အနံ့ကလဲမွှေး အရသာကလဲ ချဉ်ငံစပ် ရှူးရှူးရှဲရှဲလေးဖြစ်မယ့် ပင်လယ်စာ ငရုတ်ချဉ်ကြော်လေး ရပါပြီ။ ထမင်းနဲ့စားစား အမြည်းလေးပဲလုပ်လုပ် အဆင်ပြေစေမယ့် ဟင်းတမယ်ပါ။

 အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required