NLD ပါတီ ဒုတိယအကြိမ် လူငယ်ညီလာခံကို ၂ လအတွင်း ကျင်းပမည်

NLD ပါတီ ဒုတိယအကြိမ် လူငယ်ညီလာခံကို ၂ လအတွင်း ကျင်းပမည်

 

ရန်ကုန် အောက်တိုဘာ ၂၁ ။                ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD)ပါတီ၏ ဒုတိယအကြိမ်လူငယ်ညီလာခံကို ၂ လ အတွင်း တစ်နိုင်ငံလုံး တပြိုင်နက် ကျင်းပသွားရန် စီစဉ်နေကြောင်း လူငယ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦး က မဇ္ဈိမသို့ ပြောသည်။

ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပနိုင်ရေး အတွက် ဗဟိုကော်မရှင် ၊ဗဟိုလုပ်ငန်းကော်မတီ ၊ ရန်ကုန်တိုင်းကော်မရှင်များ၊ ခရိုင်ကော်မရှင်များနှင့် မြို့နယ်ကော်မရှင်များ တွေ့ဆုံ၍ တာဝန်ပေးအပ် မှုများ ဆောင်ရွက်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၈ ခု တွင် ညီလာခံလုပ်ငန်းစဉ်များ ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

" အခုက သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေက မြို့နယ်ကော်မရှင်တွေကို လူငယ်ညီလာခံကျင်းပ ရေးအတွက် လူငယ်အဖွဲ့ဝင်တွေ ဘယ်လိုစုဆောင်း မလဲ၊ ဘယ်လိုခေါင်းဆောင်မှု အရည်အချင်းရှိတဲ့ လူငယ်တွေကိုရှာဖွေမလဲဆိုတာ လိုက်ပြီးရှင်းပြ တာပါ။ လူငယ်ညီလာခံကျင်းပဖို့အတွက်ကိုတော့ အတတ်နိုင်ဆုံး အစောဆုံးဖြစ်အောင်ကြိုးစားသွား မယ်။ ဒီနှစ်ထဲမှာပြီးအောင် ကြိုးစားဖို့တော့ ရည် ရွယ်ထားတယ်" ဟု ဦးမောင်မောင်ဦးက ပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD)ပါတီ၏ ဒုတိယအကြိမ်လူငယ်ညီလာခံကို သွားလာရေး ခက်ခဲသည့်ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်း အတွင်း ၄၄ မြို့နယ်တွင်လည်း ကျင်းပသွားမည် ဖြစ်သည်။

လူငယ်ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရန်အတွက်  NLD ပါတီဝင် အသက်၁၆ နှစ်မှ ၃၀ အတွင်း လူငယ်များ ကို ဖိတ်ခေါ်ထားပြီးကြောင်း သိရသည်။

"NLDပါတီရဲ့ မူဝါဒနဲ့လုပ်ငန်းစဉ်တွေကို သက်ဝင် ယုံကြည်သူကို ဦးစားပေးရွေးချယ် သွားမယ်´´ ဟု ဦးမောင်မောင်ဦးကဆက်လက်ပြောသည်။

ရွေးချယ်ခံရသည့်လူငယ်များကို အရည်အချင်းမြှင့် သင်တန်းများလည်း ပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။

" နိုင်ငံရေးကို လေးလေးနက်နက်နားလည်လာနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျှတတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ်ရောက်ရှိအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့အတွေးအခေါ်တွေ၊ လုပ်ငန်းစဉ် တွေ ချမှတ်ပေးမယ်´´ ဟု ဒုတိယအကြိမ် လူငယ် ညီလာခံံကျင်းပရေး ရန်ကုန်တိုင်းကော်မရှင် အတွင်းရေးမှူးဦးရန်အောင်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly