ရခိုင်ပြည်နယ်အတွက် ဒေါ်အောင်ဆန်းစုကြည် ဒေါ်လာ ၄၀၀၀ လှူဒါန်း

ရခိုင်ပြည်နယ်အတွက် ဒေါ်အောင်ဆန်းစုကြည် ဒေါ်လာ ၄၀၀၀ လှူဒါန်း
ဓာတ်ပုံ - မင်းမင်း

 

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ။                ။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး ၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဒေါ်လာ ၄၀၀၀ ကို လှူဒါန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်မှ ရရှိနေသည့် ဝတ်စုံစရိတ် အမေရိကန် ဒေါ်လာ ၄၀၀၀ (ကျပ်ငွေ သိန်း ၆၀ နီးပါး) ကို ရခိုင်ပြည်နယ်အတွက် လှူဒါန်းခြင်းဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ ၂၀ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် လှူဒါန်းပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် အတူလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

လှူဒါန်းငွေစာရင်းသည် မူလက ကျပ်သိန်းပေါင်း ၁၆၇၀၀၀ လက်ခံရရှိခဲ့သော်လည်း ထူးကုမ္ပဏီများ အုပ်စု ဥက္ကဌ  ဦးတေဇက သိန်း ၁၀၀၀၀ သီးခြားလှူဒါန်းခဲ့ခြင်းကြောင့် စုစုပေါင်း ကျပ်သိန်းပေါင်း (၁၇၇၀၀၀) ဖြစ်ကြောင်း သိရသည်။

ယင်းလှူဒါန်းပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ စီစဉ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပွင့်ပွင့်လင်းလင်းနဲ့ အကြံဉာဏ်ပေးစေချင်ပါတယ်။ အကြံပြုချက်အားလုံးဆိုတာကတော့ အကောင်အထည်ဖော်ဖို့ လက်တွေ့ကျမှာ မဟုတ်ဘူး။ ဒါပေမယ့် အသင့်တော်ဆုံး တွေကို ရွေးပြီးတော့လုပ်ရမှာပါ။ နောက်တစ်ခုက ဦးစားပေးလုပ်ငန်းတွေ ဘာတွေဖြစ်မလဲဆိုတာ အားလုံးသိအောင် ရှင်းပြသွားပါမယ်" ဟု ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 (UEHRD)စီမံကိန်းအား အောက်တိုဘာ ၁၅ရက်က နေပြည်တော်ရှိ MICC-1 တွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် ၅ရက်အကြာတွင် ထိုသို့ လာရောက် လှူဒါန်းကြခြင်းလည်း ဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် (UEHRD) စီမံကိန်းတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး၊ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေး စသည့် လုပ်ငန်းစဉ်များ ပါဝင်မှာဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly