ထိုင်းရဲတွေ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေရတဲ့ ဒေသတွင်း မူးယစ်ဆေးဝါးကပ်ဆိုး

ထိုင်းရဲတွေ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေရတဲ့ ဒေသတွင်း မူးယစ်ဆေးဝါးကပ်ဆိုး

ဘန်ကောက်၊ အောက်တိုဘာ ၂၀ ။        ။ မူးယစ်ဆေးဝါး သုံးစွဲလိုက်၊ ရောင်းဝယ်လိုက်၊ ထောင်ကျလိုက်ဖြစ်ကာ သံသရာလည်နေသူ ဘွန်ဆန်နွန်ရဲ့ ဆေးသမားဘဝဟာ အယုဒ္ဓယမှာ မြေပုံမို့မို့အောက် တစ်ခန်းရပ် ဘဝဇာတ်သိမ်းသွားခဲ့ရတာပါပဲ။

ထိုင်းနိုင်ငံရဲ့ သမိုင်းအမွေအနှစ်ဖြစ်တဲ့ အယုဒ္ဓယဟာ အရှေ့တောင်အာရှရဲ့ ယာဘဂိုထောင်လည်းပဲ ဖြစ်နေပါတယ်။

ဘွန်ဆန်နွန်ကို လူငယ်ဘဝကနေ သေဆုံးခဲ့ချိန်အထိ ဝါးမျိုထားတာက စိတ်ကြွဆေး မက်သာဖီသမင်းဆေးပြားလေးတွေဖြစ်တဲ့ ယာဘပဲဖြစ်ပြီး ထိုင်းတွေကတော့ ရူးသွမ်းဆေးဝါးလို့ ခေါ်ကြပါတယ်။

ထိုင်းဘုရင့်နိုင်ငံမှာ ယာဘဆေးပြားတွေ စီးဆင်းနေတာဟာ စံချိန်တင်ပါပဲ။ အိမ်နီးချင်း မြန်မာနိုင်ငံက မူးယစ်ရာဇာတွေ စက်နဲ့ ရိုက်ထုတ်သလို အများအပြား ဒေသတွင်း တင်သွင်းနေတဲ့ အထူူးသန့်စင်သော၊ ပိုပြီးစွဲစေသော ice ခေါ်ဆေးပြားဟာလည်း ယာဘဆေးပြားတွေနဲ့အတူ ထိုင်းနိုင်ငံမှာ စံချိန်တင်နေပါတယ်။

ဒါပေမယ့် ဒီမူးယစ်ဆေးတွေကို ထုတ်လုပ်သူနဲ့ ဥပဒေမဲ့ ရောင်းချသူတွေသာ ချမ်းသာလာခဲ့ပြီး ထိုင်းလူ့အသိုင်းအဝန်းကတော့ မူးယစ်ဆေးစွဲမှု ပြဿနာအောက် ဖိစီးလို့နေပါတော့တယ်။

ဘွန်ဆန်နွန်ဟာ ဌာနေ မူးယစ်အရောင်းအဝယ်သမား နှစ်ဦးထံကနေ ဆေးပြား ၂၀၀၀ ခိုးလို့ သူလို့ဆေးစွဲသူနှစ်ဦးနဲ့အတူ ပစ်သတ်ခံခဲ့ရတာပါ။ သူအသက် ၃၉ နှစ် ရှိသေးတဲ့အချိန်မှာ ဘဝအဆုံးသတ်သွားတာပါ။

ဘန်ကောက်အပြင်ဖက် တစ်နာရီလောက် ခရီးတာမှာ ရှိတဲ့ အယုဒ္ဓယဟာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ မူးယစ်ဆေးတွေ အရှေ့တောင်အာရှအနှံ့နဲ့ အလွန်ဖက်ကို စီးဖြာတင်သွင်းနေတဲ့ ဒေသတွင်း မူးယစ်ကုန်သွယ်ရဲ့ လမ်းဆုံဖြစ်နေတယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုမှ ရဲမှူးချုပ် ပတ်ခွန်နီယတ်က ပြောပါတယ်။

ဒီအချက်အချာအလယ်ပိုင်း ပြည်နယ်ဟာ မြောက်ပိုင်းနဲ့ တောင်ပိုင်း မူးယစ်ဆေးဝါးလမ်းကြောင်းတွေကို ချိတ်ဆက်ပေးထားရာလည်း ဖြစ်နေပါတယ်။ အဲဒီက စက်ရုံငယ်တွေနဲ့ အလုပ်သမားတွေဟာ ဆေးသိုဝှက်ရာ အသင့်ဂိုထောင်တွေနဲ့ မူးယစ်ဂိုဏ်းတွေအတွက် ဆက်သားတွေ ဖြစ်နေပါတယ်။

“ဘန်ကောက် ဒါမှမဟုတ် ပြင်ပကို ဝင်ရောက်သွားတဲ့ မူးယစ်ဆေးဝါးအများစုဟာ ဒီဒေသမှာ သိုလှောင်စုဝှက်ထားတဲ့ ဆေးဝါးတွေပဲ ဖြစ်ပါတယ်။”ဆိုပြီး ပတ်ခွန်နီယတ်က ပြောပါတယ်။

“ဒါတွေဟာ နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေလည်းပဲ ဖြစ်တယ်။ သူတို့က ငွေကြေးအင်အား တောင့်တယ်။ လူအင်အား တောင့်တောင့်တင်းတင်း ရှိနေတယ်။ လက်နက်နဲ့ နည်းပညာလည်း အားကောင်းတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့ကို ဖမ်းဆီးရမိရေးမှာ ကွင်းဆက်တွေ ပြတ်ပြတ်သွားတာနဲ့ ကြုံနေရတာပဲ။”လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly