ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်တွင် မိုင်းနင်းမိ၍ ဒေသခံတစ်ဦးသေဆုံး

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်တွင် မိုင်းနင်းမိ၍ ဒေသခံတစ်ဦးသေဆုံး

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့နယ် မန်လွယ်ကျေးရွာအုပ်စုတွင် ယနေ့နံနက်ပိုင်းက ဒေသခံတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည်ဟု မန်လွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဇော်က ဆိုသည်။

"မနက် ကိုးနာရီလောက်က အိမ်ကိုပြန်လာတော့ မိုင်းနင်းမိပြီး ခြေထောက်နှစ်ချောင်းပြတ်သွားတယ်၊ ဆေးရုံ ပို့တဲ့ လမ်းမှာ ဆုံးသွားတာပါ" ဟု ဦးသိန်းထိုက်ဇော်က ဆိုသည်။

သေဆုံးသူသည် မန်လွယ်ကျေးရွာအုပ်စု အထက်မန်လွယ်ကျေးရွာ နေထိုင်သူဖြစ်ပြီး အသက် ၂၀ အရွယ် မအီနောင်ဆိုသူလည်း ဖြစ်သည်။

မအီနောင် နင်းမိသည့် မိုင်းသည် မည်သည့် အဖွဲ့အစည်းမှ ထောင်ထားသည့် မိုင်း ဖြစ်ကြောင်း အတိအကျ ပြောရန် ခက်ခဲသည့် အနေအထားမျိုးလည်းဖြစ်နေကြောင်း ဦးသိန်းထိုက်ဇော်က ပြောဆိုသည်။

မန်လွယ် ကျေးရွာအုပ်စုသည် တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တည်ရှိနေပြီး တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ လှုပ်ရှားနေသည့် နေရာလည်းဖြစ်သည်။

TNLAသည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်  NCA လက်မှတ် မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

မြေမြှုပ်မှိုင်း အသုံးမပြုရန် ကမ္ဘာနိုင်ငံအများစုက လက်မှတ်ရေးထိုး ကတိပြုထားသော်လည်း မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly