လေထုညစ်ညမ်းမှုကို သတိပြုပြီး ကျင်းခဲ့ရတဲ့ အိန္ဒိယ ဒေဝါလီပွဲတော်

လေထုညစ်ညမ်းမှုကို သတိပြုပြီး ကျင်းခဲ့ရတဲ့ အိန္ဒိယ ဒေဝါလီပွဲတော်

နယူးဒေလီ၊ အောက်တိုဘာ ၂၀ ။          ။ အိန္ဒိယနိုင်ငံမှာ ဒေဝါလီ ပွဲတော်ကိုတော့ အောက်တိုဘာ ၁၉ ရက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပါတယ်။

ခရစ်စမတ်ပွဲတော်လို မီးတွေ ထိန်ထိန်ညီး ထွန်းညှိတဲ့ ဟိန္ဒူ ဒေဝါလီပွဲတော်ဟာ အရင်အရင် နှစ်တွေတုန်းက မီးရှုးမီးပန်းတွေ ဖောက်ခွဲပစ်လွှတ်မှုတွေနဲ့အတူ စည်စည်ကားကား ကျင်းပခဲ့ကြတာ ဖြစ်ပေမယ့် ခုအခါမှာ လေထုညစ်ညမ်းမှုကို မြင့်မားစေတယ်ဆိုတဲ့ အသိတရားအောက်မှာ ကျင်းပရတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ လေထုညစ်ညမ်းမှု အမြင့်ဆုံး မြို့တွေမှာ တစ်မြို့ဖြစ်တဲ့ နယူးဒေလီမှာ ပိုသတိထား ကျင်းပစေခဲ့တာပါ။

ဒါပေမယ့် ခုနှစ် ပွဲတော်မှာတော့ မြို့နေဦးရေ ၂၅ သန်းရှိတဲ့ နယူးဒေလီမြို့တော်မှာ မီးပန်းဗြောက်အိုးတွေ ရောင်းချခြင်းကို နိုင်ငံရဲ့ တရားရုံးချုပ်က တားမြစ်မိန့် ထုတ်ထားပါတယ်။ ဒီအတွက် ဒေလီမြို့သားတွေအနေနဲ့ ဗြောက်အိုးမီးပန်းမီးရှုးတွေ ဖောက်လွှတ်ဖို့ အခက်အခဲ တွေ့ရတော့ပါတယ်။

“အရင်ကဆို ခုပွဲတော်တွင်းမှာ ကျွန်တော်တို့တွေ မီးရောင်စုံတွေ ဝယ်တယ်၊ ချိုချဉ်ခဲဖွယ်စုံတွေ ဝယ်တယ်၊ အိမ်တွင်းပစ္စည်းတွေ ဝယ်ကြတယ်။ မီးရှုးမီးပန်း ဗြောက်အိုးတွေလည်း ဖောက်လွှတ်ကြတယ်။ ဒါပေမယ့် ခုနှစ်ပွဲတော်မှာ ဒေလီမှာ ဗြောက်အိုး ရောင်းချခွင့် ပိတ်လိုက်တာကြောင့် မီးရှုးမီးပန်းဗြောက်အိုးတွေ ပစ်လွှတ်ရတဲ့ ပျော်ရွှင်မှုကိုတော့ လက်လွှတ်တော့ဖို့ စိတ်ဆုံးဖြတ်လိုက်ရတယ်။”ဆိုပြီး အသက် ၂၄ နှစ်ရှိ ဟိန္ဒူအမျိုးသား ပရမ်ရှန်ကာက EFE သတင်းဌာနကို ပြောပါတယ်။

ဟိန္ဒူအသိုင်းအဝန်းတွေအနေနဲ့ ဒေဝါလီညနေခင်းတွေမှာ ဓနစောင့် နတ်သမီး လက်ချ်မီးထံ ဝတ်ပြုဆုတောင်းမှုတွေ ပြုလုပ်ကြတဲ့ ဓလေ့ ရှိပါတယ်။

ဒေဝါလီပွဲတော်ဟာ မကောင်းမှုအပေါ် ကောင်းမွန်မှုက အောင်ပွဲခံတဲ့ အမှတ်အသားလည်းဖြစ်ပြီး ဟိန္ဒူနှစ်သစ်ကူးအစ ပွဲတော်လည်းပဲ ဖြစ်ပါတယ်။

ပွဲတော်ကာလအတွင်းမှာ အိန္ဒိယက သန်းပေါင်းများစွာသော ပြည်သူတွေဟာ မိသားစုတွေ ပြန်လည်ဆုံဆည်ခြင်း၊ အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးများ ပြုလုပ်ခြင်းတွေနဲ့အတူ မိတ်ဆွေအပေါင်းအသင်းများချင်း လက်ဆောင်တွေ၊ ချိုချဉ်ခဲဖွယ်တွေ အပြန်အလှန် ပေးကြတဲ့ ပွဲတော်လည်းပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required