ဇူလိုင်လကုန်အထိ အကျဉ်းထောင်များတွင် နိုင်/ကျဉ်း ၁၂၀ ဆက်လက် ထိိန်းသိမ်းခံနေရဆဲဖြစ်ဟုဆို

ဇူလိုင်လကုန်အထိ အကျဉ်းထောင်များတွင် နိုင်/ကျဉ်း ၁၂၀ ဆက်လက် ထိိန်းသိမ်းခံနေရဆဲဖြစ်ဟုဆို
ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသားများကို ဇူလိုင် ၃၀ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)

ရန်ကုန်၊ သြဂုတ် ၁၇ ။         ။ ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်ထိ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၁၂၀ ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှား သူ ၄၄၈ ဦး နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တရားရင်ဆိုင်နေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဇူလိုင်လအတွင်းတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ  ၃၁ ဦး တရားစွဲဆို ခံရပြီး  ၎င်းတို့ထဲမှ ၁၆ ဦးသည် ဖမ်းဆီးထိန်းသိမ်း ခံထားရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ယင်းအပြင် AAPP ၏ ဇူလိုင်လအတွင်း သုံးသပ်ချက်များ အရ  နိုင်ငံရေး လှုပ်ရှားသူ ၂၁ ဦးထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသား ၁၇ ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအပြင် အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ငါးဦးမှာ ကျန်းမာရေးဆိုးဝါး လျက်ရှိသည်ဟုလည်း သိရသည်။ ဇူလိုင် ၃၀ ရက်က  နိုင်ငံခြားသားအကျဉ်းသား ၂၁၀ ဦးအပါအဝင် အကျဉ်း သား ၆၉၆၆ ဦး ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်ဟုလည်း ဆိုသော်လည်း လွတ်မြောက်လာသူများထဲတွင် နိုင်/ကျဉ်း ၁၃ ဦးသာ ပါဝင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly