မီးလောင်မှုအတွက် ဟိုတယ်မန်နေဂျာအား အမှုစစ်ဆေးရန် ချုပ်ရက် နှစ်ပတ်ယူထား

မီးလောင်မှုအတွက် ဟိုတယ်မန်နေဂျာအား အမှုစစ်ဆေးရန် ချုပ်ရက် နှစ်ပတ်ယူထား

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။           ။ ကန်တော်ကြီးပဲလေ့စ် မီးလောင်မှုနှင့်ပတ်သက်ပြီးတာဝန်ရှိသူ  ဟိုတယ်မန်နေဂျာအား အမှုစစ်ဆေးရန်အတွက် ယနေ့ (အောက်တိုဘာ ၂၀ ) တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးတွင် ရမန် (ချုပ်ရက်) ၂ ပတ် ယူထား ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မြို့မှရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

“ ဒီနေ့က ရမန်ယူတာ။ ချုပ်ရက်ယူတာပေါ့။ ၁ ရက်နေ့ရုံးချိန်ပြန်ချိန်းထားတယ် “ ဟု ၎င်းကဆိုသည်။

မီးလောင်မှုအတွက် ဟိုတယ်၏ မန်နေဂျာ ဦးသီဟကို မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းတွင် (ပ)၅၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ (ပေါ့လျော့မှုကြောင့်လူသေမှု/ ပြင်းထန်နာကျင်မှု/ မီးလောင်မှု)ဖြင့် စစ်ဆေးလျက်ရှိပြီး ဆုံးရှုံးမှုတန်ဖိုး(စိစစ်ဆဲ) ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက် နံနက်အစောပိုင်း ၃ နာရီခွဲခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်၊ ကန်ရိပ်သာလမ်းနှင့်အထက်ပန်းဆိုးတန်း လမ်း ထောင့်ရှိ ကန်တော်ကြီးပဲ့လေ့စ် ဟိုတယ်(၅)လွှာ (ဘီ)ဆိုဒ်ရှိ ရေမော်တာခန်းမှ မီးခိုးများအူထွက်ပြီး စတင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ ယနေ့ ထုတ်ပြန် ထားသည်။

အဆိုပါ မီးလောင်မှုတွင်  လူ ၂ ဦး သေဆုံးခဲ့ပြီး ဂျပန်နိုင်ငံသားတစ်ဦးနှင့် ရုပ်ခွဲခြားမရသည့် အလောင်း တစ်လောင်း တွေ့ရှိခဲ့ကာ ထိုင်းအမျိုးသမီးဟု ယူဆရ၍ စစ်ဆေးနေကြောင်း ပါရှိသည်။

ယမန်နေ့က (၅)လွှာ အခန်းအမှတ်(၄၂၃)ရှေ့ ကော်ရစ်တာတွင် ကျား(၁)ဦး မီးလောင်သေဆုံးနေ သည်ကို တွေ့ရှိရ၍စိစစ်ရာ ဂျပန်နိုင်ငံသား Mr.Masatumi Tomita၊ (၅၃)နှစ်၊ (ပတ်စ်ပို့နံပါတ် TR-4138084) ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မီးလောင်မူဖြစ်ပွားပြီးနောက် အဆိုပါဟိုတယ်တွင် တည်းခိုနေထိုင်သည့် နိုင်ငံ ခြားသား ၆၉ ဦး(ကျား ၃၄၊ မ ၃၅) အားချက်ထရီယမ် ဟိုတယ်သို့ လည်းကောင်း၊ နိုင်ငံခြားသား ၁၃ ဦး (ကျား ၁၀၊ မ ၃)တို့အား ဂျက်စမင် ပဲလေ့စ်ဟိုတယ်သို့ လည်းကောင်း ပြောင်းရွှေ့ တည်းခိုနိုင်ရေး စီစဉ်ပေးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly