အင်္ဂလန်နိုင်ငံမှ ပညာရှင်များက မန္တလေး က.ည.န ရုံးတွင် လာရောက် သင်တန်းပေး

အင်္ဂလန်နိုင်ငံမှ ပညာရှင်များက မန္တလေး က.ည.န ရုံးတွင် လာရောက် သင်တန်းပေး

မန္တလေးတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ ယာဉ်မောင်းစစ်ဆေးရေးဌာနမှ ယာဉ်မောင်းစစ်ဆေးရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားလာစေရန်နှင့် ယာဉ်မောင်းစစ်ဆေးခြင်း ဆိုင်ရာ နည်းလမ်းများ ကျွမ်းကျင်စေရန်အတွက် အင်္ဂလန်နိုင်ငံမှာ ပညာရှင်များ လာရောက် သင်တန်းပေး လျက်ရှိကြောင်း သိရသည်။

'' ယာဉ်စစ်ဆေးရေးမှူးတွေကို နိုင်ငံတကာက စစ်ဆေးနေတဲ့ ပုံစံတွေ သိရှိပြီး ပြည်တွင်းမှာ စစ်ဆေးတဲ့အခါ ဘယ်လိုစစ်ဆေးရင် ပိုကောင်းမယ်၊ ဘယ်လိုပုံစံ လုပ်သင့်တယ်ဆိုတဲ့ အမြင်ရရှိအောင် အခုလို သင်တန်းပေးရတာဖြစ်ပါတယ်၊ စစ်ဆေးရေးမှူးတစ်ယောက်ရဲ့ လိုအပ်ချက်၊ အရည်အချင်းတွေကို အဓိက ပို့ချသွားမှာပါ၊ ယာဉ်တိုက်မှုဖြစ်ခဲ့ရင် အစီအရင်ခံစာရေးတဲ့အခါ ဘယ်အချက်တွေကို အလေးထားပြီး စာတင်ရမည်ဆိုတာတွေလည်း သင်ကြားပေးသွားမှာပါ၊ နယ်တွေမှာ သင်တန်းပေးတဲ့အခါ ဘယ်လို သင်ကြားပို့ချရင် ပိုကောင်းမလဲဆိုတာလည်း သင်ကြားပေးသွားမှာပါ '' ဟု Road Safety and Transport Training Gruop အဖွဲ့ခေါင်းဆောင် ဦးဝင်းသောင်းက ပြောသည်။

ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန နှင့် Road Safety and Transport Training Group တို့ ပူးပေါင်း၍ အောက်တိုဘာ၂၀ရက် နံနက်၉ နာရီက မန္တလေး က.ည.န ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းကို လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေး၊ လုပ်ငန်းများဆောင်ရွက်ရာ၌ ကျွမ်းကျင်မှန်ကန် မြန်ဆန်ရေး၊ ယာဉ်မောင်းစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းများ စနစ်တကျ သိရှိစေရေး၊ မော်တော်ယာဉ် တည်ဆောက်မှု အစိတ်အပိုင်းများနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် ဗဟုသုတများ ရရှိစေရေး စသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။

'' မန္တလေးမြို့တွင် ပထမအကြိမ် သင်တန်းပေးတာဖြစ်ပါတယ်၊ မော်တော်ယာဉ်တွေရဲ့ စက်ပိုင်းဆိုင်ရာ စစ်ဆေးတဲ့အပိုင်း၊ တာယာစစ်ဆေးတဲ့အပိုင်း၊ Road Safely ပိုင်း စတဲ့ အကြောင်းအရာ (၅)မျိုးကို အဓိက သင်ကြားပေးသွားမှာပါ '' ဟု အင်္ဂလန်နိုင်ငံမှာ ပညာရှင် Mr.Aaron Handoll က ပြောသည်။

ယာဉ်မောင်းစစ်ဆေးရေးမှူး လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းကို မန္တလေးမြို့တွင် ပထမအကြိမ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး (၂၀၁၇)ခုနှစ် အောက်တိုဘာ(၂၀)ရက် မှ (၂၂)ရက်နေ့ထိ မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတွင် ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly