မောင်တော၌ နှစ်ရက်တာအတွင်း စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုး ကျပ်ငွေသုံးဘီလျံ နီးပါးဖမ်းဆီးရမိ

မောင်တော၌ နှစ်ရက်တာအတွင်း စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုး ကျပ်ငွေသုံးဘီလျံ နီးပါးဖမ်းဆီးရမိ

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ။         ။ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ၌ နှစ်ရက်တာကာလအတွင်း စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုး မြန်မာကျပ်ငွေ သုံးဘီလျံနီးပါး ဖမ်းဆီးရမိခဲ့သည်။

အောက်တိုဘာ ၁၇ ရက်နေ့တွင် မောင်တောမြို့ အမှတ်(၅) ရပ်ကွက် လမ်းမပေါ်၌ မော်တော်ယဉ် တစ်စီးကို တားဆီးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇,၅၀၀ ပြား ဖမ်းဆီးရမိခဲ့ကာ ကာလတန်ကြေး မြန်မာကျပ်ငွေ ၉,၇၅၀ သိန်း ခန့် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းသို့ ဖမ်းဆီးရမိခဲ့ပြီးနောက်တစ်ရက် အောက်တိုဘာ ၁၈ ရက်နေ့တွင်မောင်တောမြို့သို့မောင်းလာသည့်ယာဉ်တစ်စီးကို မြို့အဝင်တံတားဂိတ် တွင် ရဲတပ်ဖွဲ့ဝင်များကစစ်ဆေးရာ ကျပ်နှစ်ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၅,၅၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မောင်တောဒေသအတွင်း၌ ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမှုများနှင့် ပတ်သက်ဆက်နွယ်မှု ရှိနေနိုင်သည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် "မောင်တောဒေသ၌ ၂၀၁၆ ခုနှစ်မှစ၍ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပမာဏများပြားလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု လမ်းကြောင်းဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်" ဟု ထည့်သွင်းရေးသားထားသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက  မောင်တောရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်) ၊ ငါးခူရနယ်မြေရဲစခန်းနှင့် ရဲကင်းများ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ မဖြစ်ပွားမီ မောင်တောဒေသ၌ စိတ်ကြွရူးသွပ်ဆေးပြားများ အမြောက်အများဖမ်းဆီးရမိမှုများ ရှိနေခဲ့သည်။

ယင်းသို့ ဖမ်းဆီးမှုများကြောင့် စီးပွားရေးအရ နစ်နာဆုံးရှုံးသူများနှင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပတ်သက်နိုင်ဖွယ်ရှိနေသည်ဟု မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်ကအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထား သည်။

ယခုနှစ်၂ဝ၁၇ ခုနှစ် ပထမခြောက်လတာကာလအတွင်း၌လည်း မောင်တောခရိုင်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၁၃ မှုနှင့် စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် ၅၂ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required