ဟိုတယ်မီးလောင်မှုအတွက် ၀မ်းနည်းရပြီး မီးငြိမ်းသတ်ရေးဆောင်ရွက်ပေးသူများအား ဦးတေဇ ကျေးဇူးတင်စကားဆို

ဟိုတယ်မီးလောင်မှုအတွက် ၀မ်းနည်းရပြီး မီးငြိမ်းသတ်ရေးဆောင်ရွက်ပေးသူများအား ဦးတေဇ ကျေးဇူးတင်စကားဆို
ဓာတ်ပုံ - သူရ / မဇ္ဈိမ
 

 

အောက်တိုဘာ ၂၀ ။                    ။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုအတွက် ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးတေဇက  မီးလောင်ကျွမ်းမှု အတွက် ဝမ်းနည်းရပြီး မီးငြိမ်းသတ်ရေးဆောင်ရွက်ခဲ့ကြသူများ ကျေးဇူးတင်စကားဆိုခဲ့သည်။

ဦးတေဇက “အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက် (၃) နာရီ၊ (၁၅)မိနစ်ခန့်တွင် ထူးကုမ္ပဏီများအုပ်စု၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ကျွမ်းခဲ့မှုကြောင့် ထိခိုက်နစ်နာခဲ့သူများ အားလုံးအတွက် ထူးကုမ္ပဏီများအုပ်စုအနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်” ဟု လူမှုကွန်ယက်တွင် ရေးသားထားသည်။

“ ယမန်နေ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား လာရောက်စစ်ဆေးပြီး မီးငြိမ်းသတ်နိုင်ရေးအတွက် အဘက်ဘက်မှ စီမံဆောင်ရွက်ပေးခဲ့ကြသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လုံခြုံရေးဆောင်ရွက်ပေးခဲ့သော တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးငြိမ်းသတ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင် တည်းခိုနေသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းရာတွင် အဘက်ဘက်မှ ကူညီပေးခဲ့ကြသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အားလုံးကို ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌဦးတေဇ နှင့် ဝန်ထမ်းများမှ အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်” ဟု ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်၊ ကန်ရိပ်သာလမ်းနှင့်အထက်ပန်းဆိုးတန်းလမ်းထောင့်ရှိ ကန်တော်ကြီးပဲ့လေ့စ် ဟိုတယ်(၅)လွှာ (ဘီ)ဆိုဒ်ရှိ ရေမော်တာခန်းမှ မီးခိုးများအူထွက်ပြီး စတင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါ မီးလောင်မှုတွင်  ယနေ့အထိ လူ ၂ ဦး သေဆုံးခဲ့ပြီး ဂျပန်နိုင်ငံသားတစ်ဦးနှင့် ရုပ်ခွဲခြားမရသည့် အလောင်း တစ်လောင်း တွေ့ရှိခဲ့ကာ အမျိုးသမီးဟု ယူဆရ၍ စစ်ဆေးနေကြောင်း ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required