စက်ရုပ် စီးချင်းထိုးပွဲမှာ အမေရိကန်က ဂျပန်ကို အနိုင်ရ

စက်ရုပ် စီးချင်းထိုးပွဲမှာ အမေရိကန်က ဂျပန်ကို အနိုင်ရ

 

အောက်တိုဘာ ၂၀ ။                ။ စက်ရုပ်ချင်း တိုက်ခိုက်သတ်ပုတ်ကြတဲ့ မြင်ကွင်းမျိုးတွေကို ရုပ်ရှင်ကားတွေထဲမှာ မြင်တွေ့ထားပြီးဖြစ်ပါလိမ့်မယ်။ ယခုအခါမှာလည်း ယင်းဇာတ်ကားတွေထဲကလိုပဲ ကြီးမားတဲ့ စက်ရုပ်ကြီး နှစ်ရုပ်အကြား အသေအကျေ တိုက်ခိုက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုကို ဂျပန်နိုင်ငံက စက်ရုံဟောင်းတစ်ခုမှာ စီစဉ်ကျင်းပခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာတော့ အမေရိကန် တိုက်ခိုက်ရေးစက်ရုပ်နဲ့ ပြိုင်ဘက် ဂျပန်စက်ရုပ်တို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

နာရီပေါင်းများစွာကြာမြင့်ခဲ့တဲ့ ယင်း စက်ရုပ်ချင်း စီးချင်းထိုးပွဲကိုတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ အသုံးမပြုတော့တဲ့ စက်ရုံဟောင်းတစ်ခုထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကြီးမားပြီး လက်နက်ကိရိယာအပြည့်တပ်ဆင်ထားတဲ့ အမေရိကန်နဲ့ ဂျပန် စက်ရုပ်ကြီး နှစ်ရုပ်တို့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပါတယ်။

အမေရိကန်ကို ကိုယ်းစားပြု ယှဉ်ပြိုင်တဲ့ Eagle Prime တိုက်ခိုက်ရေးစက်ရုပ်ကိုတော့ ကယ်လီဖိုးနီးယား အခြေစိုက်ကုမ္ပဏီ MegaBots က ဖန်တီးထားတာဖြစ်ပြီး ယင်းကတော့ ၁၂ တန်လေးပြီး မြင်းကောင်ရေအား ၄၃၀ ရှိပါတယ်။

ဒီပြိုင်ပွဲမှာ Eagle Prime စက်ရုပ်ကြီးရဲ့ ယှဉ်ပြိုင်ဘက် ဂျပန်စက်ရုပ်ကတော့ တန်ချိန် ၆ ဒသမ ၅ တန်သာ လေးပြီး မြင်းကောင်ရေအား ၈၇ သာ ရှိပါတယ်။ KURATAS အမည်ရ ယင်းစက်ရုံကိုတော့ ဂျပန်ကုမ္ပဏီ Suidobashi Heavy Industry က ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ယင်း စက်ရုပ် နှစ်ရုပ် ပြိုင်ဆိုင်တိုက်ခိုက်ကြရာမှာတော့ ဂျပန်စက်ရုပ်က မူလကနဦးပိုင်းမှာ ပြိုင်ဘက်အမေရိကန် စက်ရုပ်ကို ယင်းရဲ့ သံမဏိ လက်သီးတစ်ချက် ပစ်ကျွေးပြီးတော့ အသာရနေခဲ့ပါတယ်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ KURATAS ရဲ့ တိုက်ခိုက်ထိုးနှက်ချက်တွေကို Eagel Prime စက်ရုပ်က သိပ်ပြီး မဖြုံလှတော့တာကို တွေ့ရပြီး ယင်းဆီက ပြန်လည်ပစ်လွှတ်တဲ့ အမြှောက်ပစ်ချက်တွေနဲ့အတူ ဂျပန်စက်ရုပ်ရဲ့ အာရုံခံစနစ်တွေ ပျက်စီးလာစေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Eagel Prime စက်ရုပ်က ပြိုင်ဘက် ဂျပန်စက်ရုပ်ကို စက်ရုံတွင်း သတ္ထုဘောင်တွေဘက်ဆီ တွန်းချပြီး ပြိုင်ပွဲကိုအနိုင်နဲ့ သိမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ စက်ရုပ်ချင်း ယှဉ်ပြိုင်မှုကိုတော့ ထိခိုက်နိုင်တဲ့အခြေအနေကြောင့် ပွဲကြည့်သူတွေအနေနဲ့ အနီးကပ် သွားရောက်ကြည့်ရှုနိုင်ခဲ့ကြခြင်းမရှိခဲ့ဘဲ အွန်လိုင်းကနေပဲ ကြည့်ရှုခဲ့ကြရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags