ကလေးချီထားသည့် အဲဗာတန်ပရိသတ်တစ်ဦး လိုင်ယွန်ဂိုးသမားမျက်နှာကို ၀င်ရိုက်

ကလေးချီထားသည့် အဲဗာတန်ပရိသတ်တစ်ဦး လိုင်ယွန်ဂိုးသမားမျက်နှာကို ၀င်ရိုက်

အောက်တိုဘာ ၂၀၊ အင်္ဂလန် ။             ။ အဲဗာတန်အသင်းနှင့် လိုင်ယွန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ကလေးချီထားသည့် အဲဗာတန်ပရိသတ်တစ်ဦးသည် နှစ်ဖက်ကစားသမားများ အချင်းများနေသည့်အချိန်၌ လိုင်ယွန်ဂိုးသမားလိုပက်ဇ်၏ မျက်နှာကို ဝင်ရိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုပွဲစဉ်တွင် ပွဲချိန်ခြောက်မိနစ်ကတည်းက လိုင်ယွန်အသင်းအတွက် ဖီကာက အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ အဲဗာတန်အသင်းက ချေပဂိုးရဖို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ခြင်းကြောင့် ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။

အဲဗာတန်အသင်းခေါင်းဆောင်ဝီလျံသည် လိုင်ယွန်ဂိုးသမားလိုပက်ဇ်ကို စောင့်တွန်းခဲ့ရာမှစပြီး ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ကစားသမားများအချင်းများနေချိန်တွင် အဲဗာတန်ပရိသတ်ထဲမှ ကလေးချီထားသည့် ပရိသတ်တစ်ဦးက လိုင်ယွန်ဂိုးသမားလိုပက်ဇ်၏မျက်နှာကို ဝင်ရိုက်ခဲ့သည်။ ထိုအဖြစ်အပျက်အတွက် အဲဗာတန်နောက်ခံလူ ဝီလျံနှင့် လိုင်ယွန်တိုက်စစ်မှူးထရာအိုရေးတို့ကို ဒိုင်လူကြီးက အဝါကတ်သာ ပြသခဲ့သည်။

ပြဿနာဖြစ်ပွားပြီး မကြာခင်ပွဲချိန် ၆၉ မိနစ်၌ ဝီလျံက အဲဗာတန်အတွက် ချေပဂိုးပြန်သွင်းနိုင်ခဲ့သော်လည်း ၇၅ မိနစ်တွင် ထရာအိုရေးက လိုင်ယွန်အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သည်။

ရန်ဖြစ်ခဲ့သည့်အဖြစ်အပျက်အတွက် ဝီလျံက နှစ်သင်းစလုံးမှာ အနိုင်ရလိုသည့်အတွက် စိတ်လှုပ်ရှားနေကြခြင်းကြောင့် ထိုကဲ့သို့ ဖြစ်ခဲ့ရခြင်းဟု ဆိုသည်။

လိုင်ယွန်တိုက်စစ်မှူး ထရာအိုရေးကမူ ပြဿနာဖြစ်ပွားခြင်းမှာ ဘောလုံးပွဲများ၏အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ဂိုးသမားလိုပက်ဇ်ကို ပရိသတ်က ဝင်ရိုက်ခဲ့ခြင်းမှာ သာမန်အဖြစ်အပျက်မဟုတ်ကြောင်း ဆိုခဲ့သည်။

ထိုအဖြစ်အပျက်အတွက် အဲဗာတန်အသင်းမှာ ယူအီးအက်ဖ်အေ၏အရေးယူမှုကို ခံရဖွယ်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required