ဘဝဆရာမ

"အနှစ် ၂၀ နီးပါး တစ်ယောက်ထဲ ရုန်းကန်ရပ်တည်ပြီး သားတွေကို ပညာသင်ပေးနိုင်ခဲ့တာတော် လိုက်တာ"ဟု ကျွန်မဘဝအကြောင်း သိသူများက ပြောကြားသည့်အခါတိုင်း ကျွန်မတော်၍ မဟုတ်ဘဲ ဝိုင်းဝန်းခဲ့ကြသည့်သူများရှိလို့ပါ" ဟု ဖြေမိသည်။ မပင်မပန်းနှင့် အေးချမ်းစွာ ဝါသနာပါသည့် စာပေနှင့် အသက်မွေးနိုင်သည့် ဘဝကိုတွေးမိကာ မိမိကိုပညာသင်ပေးခဲ့သော မိဘနှစ်ပါး၊ ဆရာများနှင့်ကျေးဇူး ရှိသော သူအားလုံးကို မကြာခဏအမှတ်ရ ကျေးဇူးတင်နေမိသည်။

ထိုသူများထဲမှ အတန်းကျောင်းနှင့် တက္ကသိုလ်တွင် ပညာသင်ကြားပေးခဲ့သည့် ဘဝတွင် လက်မှုပညာနှင့် ဘဝနေနည်းများကို အတုယူသင်ကြားခဲ့ရသည့် ဆရာတစ်ယောက်ဟု သတ်မှတ် ခဲ့သောတောရွာ တစ်ရွာမှ ဘဝဆရာမ တစ်ယောက်ကို အမြဲသတိရ ကျေးဇူးတင်လျက် ကြုံဆုံခဲ့ရသည့် အချိန်များကို မြင်ယောင်လာသည်။

အလွန်အေးချမ်းဆိတ်ငြိမ်သည့် ရန်ကုန်မြို့၊ အင်းလျားကန်အနီးတွင် နေရာမှ ၈၈ ခုနှစ် နောက်ပိုင်း ရန်ကုန်မြို့နှင့် မိုင်လေးဆယ်ကျော်ဝေးသည့် ဖူးကြီးရေလှောင်ကန်အနီမှ ရွာတစ်ရွာသို့ပြောင်းရွှေ့နေ ထိုင်ရသည်တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ရွာနှင့် ၁၂ မိုင်ကျော်ဝေးသည့် မြို့လေးပေါ်တွင် ဝန်ထမ်းအလုပ်ရရှိခဲ့သော်လည်း အရွယ်မရောက်သေးသည့် လူမမယ်ကလေး သုံးယောက်နှင့် အခက်အခဲများက တန်းစီနေသည်။

ဆွေမျိုးနှင့် ရင်းနှီးသူတစ်ယောက်မှ မရှိသည့်ရွာတွင် မိမိတစ်ယောက်ထည်း အကြံဉာဏ်ဖြင့် ရပ်တည်ရန် မဖြစ်နိုင်ဟု စဉ်းစားမိသည်တွင် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရတော့သည်။ စိုက်ပျိုးခြင်း အားဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုကြသည့် ရွာတွင် တတ်ထားသည့် အတန်းပညာနှင့် အပိုဝင်ငွေရအောင် ဘာလုပ်ရမည်ဆိုသည်ကို ရွာရှိလူများကို ကြည့်၍ အတုယူရမည်ကို သဘော ပေါက်လာသည်။

ကျွန်မခြံအနေအထားက ရန်ကုန်ပြည် ကားလမ်းမကြီးပေါ်တွင် ရှိပြီး ကျယ်ဝန်းကာ အရှေ့ဘက်ရှိခြံနှင့် ကားလမ်းမကြီးက ခြားထားပြီး ထိုခြံသည် လူမနေပါ။ တောင်ဘက်တွင် အစိုးရ သင်တန်းကျောင်း ၊မြောက်ဘက်တွင် လယ်ကွင်းနှင့် အနောက်ဘက်တွင် လူနေသည့် ခြံတစ်ခြံဖြစ်ရာ တောင်နှင့်မြောက်က လယ်ကွင်းနှင့် သင်တန်းကျောင်းဆိုတော့ လေ့လာရန် မဖြစ်နိုင်သလို အရှေ့ဘက်ကလည်း လူမနေသည့် ခြံဖြစ်၍ အနောက်ဘက်ခြံကိုသာ လေ့လာရတော့မည်။

အနောက်ဘက်ခြံထဲတွင် အိမ်နှစ်လုံးရှိပြီး တစ်လုံးမှာ အသက် ၈၀ ကျော် အဖိုးအိုတစ်ဦးတည်း နေ၍ ကျန်တစ်လုံးတွင် အဖိုး၏သားနှင့် ချွေးမမိသားစုတို့ နေကြသည်။ အဖိုးအို၏သား ကိုတာတီးမှာ ရွာနှင့် တစ်မိုင်ကျော်ဝေးသည့် ရွာတွင် စာရင်းငှား (လယ်လုပ်ငန်းအခစားဖြင့် လုပ်သူ) လုပ်ကိုင်နေသဖြင့် အမြဲမတွေ့နိုင်ဘဲ မိန်းမဖြစ်သူ မစိန်မြင့်နှင့် ကလေးများကိုသာ တွေ့မြင်ရသည်။ မစိန်မြင့်၏ ပုံစံမှာ အရပ် ငါးပေလေးလက်မခန့်ရှိပြီး ခန္ဓာကိုယ်သွယ်လျကာ နေလောင်ထားသဖြင့် ကြေးနီရောင် ပေါက်နေသည့် အသားအရေနှင့် အုန်းဆီရွှဲအောင်လူးထားသော ဆံပင်ကို နောက်တွင်စုထုံးထားပြီး သူနှင့်ဆုံလျှင် ကွမ်းချေးများဖြင့် မဲနေသည့် သွားများပေါ်အောင် ပြုံးပြတတ်သူဖြစ်သည်။

စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် ကျွန်မခြံထဲမှနေ၍ မစိန်မြင့်ကိုလေ့လာရာ မနက်မိုးမလင်းခင် အိပ်ရာထပြီး တလှုပ်လှုပ်နှင့် အလုပ်လုပ်နေသည့် သူ့ကိုကြည့်ပြီး သဘောကျမိသည်။

ရွာဦးကျောင်းက အုန်းမောင်းခေါက်သည့် နံနက်လေးနာရီတွင် မစိန်မြင့်နိုးနေပြီး၊ ရေနွေအိုး တည်၊ ထမင်းချက်ချင်းတို့ကို ဒလစပ်ပြုလုပ်ကာ ယောက္ခမဖြစ်သူ အဖိုးအို မနက်စာစားရန် အဆင် သင့်ပြုလုပ်ပြီး ပို့ပေးသည်။ အလင်းရောင်လာသည်နှင့် ရေတွင်းမှ ရေကိုအိမ်သောက်သုံးရန် ပြည့်လျှံ နေအောင်ဖြည့်၍ နွားတင်းကုန်မှ နွားများကို အစာကျွေး၊ ရေတိုက်ပြီး ခြံထဲရှိသစ်ပင်တစ်ပင်တွင် ချည်ကာ နို့ညှစ် ပြီးရောင်းရန်ရွာထဲသို့ နွားနို့ပို့သည်။ ရွာထဲမှ ပြန်လာသည့်အခါတွင် တစ်ခြံလုံး သန့်ရှင်းရေးအတွက် တံမြက်စည်းလဲှ၍ လေးဧကခန့် ကျယ်ဝန်းသည့် ခြံဝန်းမှာ သန့်ရှင်းနေသည်။

သစ်ရွက်ကြွေများကို စုကာအိမ်နားရှိ တူးထားသည့် ကျင်းထဲသို့ ထည့်သည်။ ထိုသစ်ရွက်ကြွေများသာ မက အခြားစွန့်ပစ်ရမည့် အမှိုက်သရိုက်စွန့်ပစ်ပစ္စည်းများကိုလည်း ကျင်းထဲသို့ စွန့်ပစ်လေ့ရှိသည် ကိုတွေ့မြင်ရသည်။ ခြံထဲတွင်သာမက အိမ်ပေါ်ရှိ ကြမ်းခင်းများမှာ ဒီဇယ်ဆီစိန်သည့်အဝတ်နှင့် တိုက်ထားသည့် အတွက် အမြဲပြောင်လက်သန့်ရှင်းနေသည်။ မီးဖိုခန်းတွင်လည်း အမှိုက်တစ်စပင် မမြင်ရဘဲ ပစ္စည်းများမှာလဲ သူ့နေရာနှင့်သူ စနစ်တကျထားပြီး ဆေးကြော သန့်စင်ထားသဖြင့် သန့်ရှင်းသပ်ရပ်နေသည်။ အိမ်အောက်မြေပြင်မှာလည်း ရှင်းလင်းနေသည်။

တစ်မနက်လုံးမအားလပ်ရအောင် အလုပ်လုပ်နေသည့် မစိန်မြင့်ကို ကြည့်၍ နေ့လည် နေ့ခင်းတော့မောပြီး တစ်ရေးတစ်မော အိပ်လိမ့်မည်ထင်ခဲ့သော်လည်း နေ့ခင်းဘက်တွင်လည်း မအားနိုင်ပါ။ သံချိတ်ကောက်အဖျားတွင် ချိန်ထားသည့် ဝါးလုံးတစ်လုံးကိုဆွဲလျက် ခြံထဲတွင် ထင်း အရှာထွက်ပြန်သည်။ မစိန်မြင့်တို့ ခြံထဲတွင် အရိပ်ရသစ်ပင်ကြီးများစွာတို့က အုပ်မိုးလျက် ရှိရာ ကျိုးကျမည့်သစ်ကိုင်းမှ လွဲ၍ သစ်ပင်ခုတ်၊ သစ်ကိုင်းခုတ်သည်ကို တစ်ခါမျှမမြင်ဖူးခဲ့သလို သစ်ပင်များကို အသက်ရှိသူကဲ့သို့ တယုတယ ထားတတ်သူဖြစ်သည်။

သံချိတ်ပါသည့် ဝါးလုံးနှင့် သစ်ပင်ကြီးများက သစ်ကိုင်းခြောက်များကို ဆွဲယူပြီး ထင်းစိုက်ရန် ဟုဆောင်းထားလေ့ရှိသည်ကို တွေ့မြင်ရသည်တွင် ကျွန်မက" မစိန်မြင့်ဘာလို့ သစ်ပင်တွေ အများကြီးရှိရက်နဲ့ သစ်ကိုင်းခြောက် တွေကို အပင်ပန်းခံပြီး ရှာနေရတာလဲ" မေးသည့်အခါ " သစ်ပင်တစ်ပင်ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ် ဘူး၊ သစ်ပင်တွေဖြုန်းတီးရင် မိုးမရွာနိုင်ဘူးလို့ ရေဒီယိုထဲမှာကြားဖူးတယ်။

မိုးမရွာရင် ကျွန်မတို့ လယ်စိုက်လို့ မရနိုင်တော့ ဘာလုပ်စားမလဲဆရာမရယ်" ဟု ပြန်ဖြေတတ်သည်။ သူအိမ်တွင် ရေဒီယို မရှိသော်လည်း ယောက္ခမဖြစ်သူ အိမ်မှပျံ့လွင့်လာသည့် ရေဒီယိုအစီအစဉ်များကို သူကြားဖူးနေမှာကို ကျွန်မ မတွေးမိခဲ့ပေ။ သတင်းစာနှင့်စာအုပ်များ ဖတ်သည်ကို မမြင်ဖူးသော်လည်း သူ့သမီးရွာထဲမှ ငှားလာသည့် ကာတွန်းစာအုပ်ကို အသံထွက်လျက် ရံဖန်ရံခါ ဖတ်နေသည်ကိုမြင်ရ သည့်အတွက် ရွာထဲရှိဗီဒီယိုရုံတွင် ဇာတ်ကားသွားကြည့်ရန် အကြံပေးလျှင် " သူတို့ဇာတ်လမ်းထဲကနေ ကျွန်မတို့ ဘဝက တခြားစီပဲ၊ စိတ်ကူးယဉ်ချိန်လည်းမရတော့ မကြည့်ဖြစ်ပါဘူး" ဟုသာပြန်ဖြေ တတ်ပါသည်။

ညနေမရောက်ခင် ထမင်းအိုးတည်၊ ဟင်းချက်၍ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် ပင်များကို ရေလောင်းပြီးသည်နှင့် လွှတ်ကျောင်းရာမှ ညနေပြန်လာသည့်နွားများကို အစာကျွေး၊ ရေတိုက်၍ မစိန်မြင့် ၏ တစ်နေ့တာ အလုပ်ပြီးသွားပြီမထင်ပါနှင့်။ ပွင့်လင်းရာသီရောက်သည့်အခါ ရွာနှင့် သုံးမိုင်ခန့်ဝေးသည့် တောထဲတွင် သွားရောက်ခုတ်ယူထားသော သက်ကယ်ပင်များကို ဒီဇယ်ဆီမီးခွက်နှင့်ဖြစ်စေ၊ လသာသည့်ညများတွင်ဖြစ်စေ၊ သက်ကယ်ပျစ်နေတတ်သည်။ လေးပင်သုံးခန်းဆောက်ထားသည့် မစိန်မြင့်တို့ အိမ်မိုးရန်အတွက် ဓနိတစ်ပျစ်မှ မဝယ်ရသည့်အပြင် အိမ်နောက်ဘက်ခြံစည်းရိုးတွင်စိုက်ထား သည့် ဝါးပင်များကလည်း ဝါးထရံရက်တတ်သည့် ကိုတာကီး နှင့် မစိန်မြင့်တို့အတွက် အိမ်ထရံ မဝယ်ရရုံသာမက ရွာထဲမှာလည်း မှာတတ်ကြသဖြင့် အပိုဝင်ငွေ ဖြစ်သည်။

မစိန်မြင့်ကို လေ့လာခြင်းအမူပြုပြီးသည့်အခါတွင် အပိုဝင်ငွေရရန်အတွက် ကျွန်မဆရာသည် မစိန်မြင့်ဖြစ်သည်ကို ကျွန်မသိလာသည်။ " ရောမရောက်လျှင် ရောမလိုကျင့်ရမည်" ဆိုသကဲ့သို့ ရွာရောက်လျှင် ရွာလိုကျင့်ရမည်သိလာသည်တွင် မစိန်မြင့်ဆီမှာ မသိမသာ သင်ယူရသည်။ မစိန်မြင့် ခြံနည်းတူ ကျွန်မခြံလည်း ကျယ်ဝန်းပြီးသစ်ပင်များ ရှိသည့်အတွက် သူ့နည်းတူ ကျွန်မထင်းရှာသည်။ မျိုးစေ့တွေဝယ်၍ သစ်ပင်စိုက်သည်။ တောထဲသွားသည့်အချိန် ရုံးပတ်ရက်နှင့်တိုက်ဆိုင်နေလျှင် ကျွန်မလိုက်၍ သက်ကယ်ရိတ်ကာ ခြံထဲတွင် ဖြန့်လှမ်းထားပြီး သွေ့လျှင်ရုတ်ကာ သိမ်းဆည်း၍ လသာသည့်ညများတွင် မစိန်မြင့်ဆီမှာ သက်ကယ်ပျစ် သင်ယူသည်။ ကျွန်မစိတ်ထဲတွင် သက်ကယ်ပျစ်တည့်ကြိုးကို ဝယ်ရလိမ့်မည်ထင်ခဲ့သော်လည်း ခြံထဲရှိ အလေ့ကျပေါက်သည့် ကပ်စေးနဲပင်မှ အခေါက်ကိုခွာယူပြီး အသုံးပြု သည့်အတွက် ငွေမကုန်ဘဲ သဘာဝပတ်ဝန်းကျင်က ပေးသည့်ပစ္စည်း လက်ဆောက်အတွက် ပီတိဖြစ်ရသည်။

ယခင်က မိမိအချိန်တွေပိုနေသည် ထင်တတ်သလို တွေးစရာတွေများနေတတ်သည့် ကျွန်မမှာ မစိန်မြင့်နှင့် တွေ့ပြီးသည့်အချိန်မှစ၍ မစိန်မြင့်နီးပါး  ကျွန်မအလုပ်တွေ ရှိနေတတ်သည်။ မနက်မိုးလင်းမှ မိုးချုပ် အလုပ်တွေ တန်းစီနေသဖြင့် တွေးချိန်၊ ငေးချိန်မရှိ၊ သရက်ပင်၊ မရမ်းပင်မှ ကြွေသည့် လေကြွေအသီးများကို တစ်နှစ်လုံး အထားခံစေရန် မစိန်မြင့် သင်ပြသကဲ့သို့ ဆားရေကျို ထား၍ စိမ်ခြင်း၊ အခြောက်လှမ်းခြင်း၊ ရွာထဲမှ သူများရှာသည့်ငါးများကို ဝယ်ယူကာ အခြောက်လှမ်း ခြင်း၊ ငါးပိရေကျိုလုပ်ခြင်း၊ သက်ကယ်ရိတ်ခြင်း၊ ပျစ်ခြင်းနှင့် စိုက်ပျိုးထားသည့်အပင်များ ဆွတ်ခူးရောင်းချခြင်း ၊ရေလောင်းခြင်းတို့ဖြင့် မနားမရနိုင်အောင် ဖြစ်ရသည်။

ထိုမျှသာမက မိုးတွင်းရောက်သည့်အခါ ကောက်စိုက်နည်းသင်ပေးသည်။ လက်နှင့်စိုက်သည့် အတတ်ပညာအပြင် စူး (တုန်)နှင့် ထိုး၍ စိုက်ခြင်းအတတ်ကိုပါ ကျွန်မတတ်သွားသည်။

ရုံးပိတ်ရက် ကောက်လိုက်စိုက်သည့်အခါ နေ့လည်ထမင်းစားချိန်ဝယ် ရေစပ်စပ်ရှိသည့် လယ်ကန်သင်းတွင် မိးဖွဲ့ဖွဲ့  ၌ အဆင်ပြေသလို ထည့်လာကြသည့် ငါးပိရေနှင့် ချဉ်ပေါင်ကြော် ဆီမပါသည့် ပုဇွန်မှုန်ဖွားဖွား၊ ငါးလေးအိုးကပ်ချက်ဟင်းများကို လယ်တွင်ပေါက်နေသည့် လယ်သရက်ကင်း၊ လယ်ကန်စွန်းစသည့် အတို့အမြှိုပ်ကို ခူးယူပြီး စားရသည့်အရသာမျိုးကို ယခုတွေးမိသည့် အချိန်တွင်ပင် စားချင်လာသည်။

သီတင်းကျွတ်၊ တန်ဆောင်မုန်းစပါးရင့်မှည့်ချိန် ရိတ်သိမ်းရာတွင်လည်း အပိုဝင်ငွေရအောင် ကောက်ရိတ်သင်ပေးခဲ့သည့် မစိန်မြင့်ကျေးဇူးတွေကို ကျွန်မမမေ့နိုင်တော့ပါ။ ကောက်ရိတ်ပြီးလျှင် ကျွန်မကလေး သူ့ကလေးတွေနှင့် ကျွန်မတို့နှစ်ယောက် လယ်ပိုင်ရှင်ထံ ခွင့်တောင်းပြီး ကောက်သင်း ကောက်သည့် စပါးသီးနှံများကို ဆန်စေ့ဖြစ်သည်အထိ ကူညီသင်ပြပေးခဲ့သော သူ့ကျေးဇူးတွေက မဆုံးနိုင်အောင်ပင်။

သူ့ကျေးဇူးကြောင့် ငယ်စဉ်ကအလိုလိုက်ခံရ၍ စည်းကမ်းမရှိခဲ့သည့် ကျွန်မမှာ အိမ်တစ်အိမ် ကို ဘယ်လိုသန့်ရှင်းအောင်ထားရမည်ကို သိလာရသလို မီးဖိုချောင်တွင် မည်သို့ချွေတာရမည်ကို သတိပြုမိလာ သည်။နေထိုင်စားသောက်ရေးသာ မစိန်မြင့်က ကျွန်မကို သင်ပြပေးခဲ့သည်မဟုတ်ပါ။ လောကကို နာကျည်းစိတ်နှင့် အဆိုးမြင့်တတ်သော စိတ်ရှိသည့်ကျွန်မ၏ စိတ်ထားကိုလည်း မစိန်မြင့် ကပင်ပြုပြင်ပေး ခဲ့သည်။ တစ်နေ့လုံး အလုပ်လုပ်ပြီး မည်သူ့အကြောင်းမှ မပြောတတ်သော ကိုယ့်အပေါ် မကောင်းသူကိုပင် အကောင်းမြင်တတ်သောသူ့စိတ်ကို တွေးမိတိုင်း ချီးကျူးမိသည်။

မစိန်မြင့်၏ ယောက္ခမဖြစ်သူ ဦးဖိုးခွေးမှာ ချွေးမက နေ့စဉ်ထမင်းပို့သော်လည်း မစိန်မြင့်ကို အမြဲအပြစ်တင် ပြဿနာရှာသူဖြစ်ရာ သူ့အတွက် မခံချင်သည့် ကျွန်မက မခံမရနိုင် ဖြစ်ပြီးပြောသည် ကို " သူကအသက်ကြီးပြီလေ၊ နေရလှ ၁၀ နှစ်ပေါ့၊ ပြန်ပြောရင် ငရဲကြီးပြီး စိတ်ညစ်ရမှာ၊ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မဖြစ်အောင် သည်းခံတာဘဲကောင်းပါတယ်" ဟု ပြောသည့် သူ့စိတ်မှာဖြူစင် လှသည်။

အမြဲမဟုတ်သော်မှ ဒေါသစိတ်များ ဝင်လာလျှင် မစိန်မြင့်တို့ သတိရပြီး သူ့လိုပင် အေးချမ်းအောင်နေတတ်လာသည်။ အပြိုင်အဆိုင်ရှိလာလျှင်လည်း ကိုယ့်ဘဝကိုနားလည် ပြီး ဟောင်းသော်လည်း သန့်ရှင်းဖြူစင်အောင် ဝတ်တတ်သည့် မစိန်မြင့်ကို သတိရမိပြီး ကျွန်မ ဝမ်းနည်းတော့ပါ။

မစိန်မြင့်က ကျွန်မ၏သောက ဒုက္ခများကိုမသိဘဲ စာတတ်သည့် မြို့သူ၊ အစိုးရဝန်ထမ်း ဖြစ်သူဆိုပြီး အားကျမိကြောင်း၊ ပြောခဲ့စဉ်က ကျွန်မပြုံး၍ နားထောင်နေခဲ့မိသော်လည်း ကျွန်မစိတ်ထဲတွင် မစိန်မြင့်လို ဘဝမျိုး လိုချင်မိသည့်စိတ်၊ မကြာခဏဖြစ်ပေါ်နေကြောင်းကိုတော့ ဖွင့်မပြောမိခဲ့ပေ။

အတန်းပညာမရှိဘဲ (အသုံးလုံး) စာတတ်မြောက်ရေး လှုပ်ရှားမှုဖြင့်စာဖတ်၊ စာရေးတတ်ခဲ့သော ကားရထားမရှိသည့် ချောင်ကျသော ရွာတစ်ရွာတွင် မွေးဖွားခဲ့သည့် မစိန်မြင့်ကို ရန်ကုန်မြို့ကြီးပေါ် တွင်မွေးဖွားလာခဲ့သည်။ ဘွဲ့၊ ဒီပလိုမာများရရှိခဲ့သည့် ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်ခဲ့သည့် ကျွန်မက အတုယူသင်ယူခဲ့သည်ဟု ဆိုလျှင် ရှက်စရာဟု ကျွန်မမထင်ပါ။ ပညာမတတ်သော်လည်း ကျန်းမာရေးနှင့် အညီ နေထိုင်စားသောက်တတ်သူ၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်သူ အိမ်ထောင်မှု ထိန်းသိမ်းတတ်သူ၊ သဘာဝက ပေးသော လက်ဆောင်များကို တန်ဖိုးရှိရှိ အသုံးချတတ်သူအဖြစ်လေးစားပါသည်။

မြို့နှင့်အလှမ်းဝေးပြီး မဖွံ့ဖြိုးသည့် ဘဝတွင် မွေးဖွားသူသည် စာရေးတတ်ဖက်တတ်ရုံနှင့် ဤမျှသိမြင်လုပ်ဆောင်နိုင်သည်ဆိုလျှင် သူ့ဒေသဖွံ့ဖြိုးတိုးတက်ပြီး အတန်းပညာကုန်အောင် သင်ခဲ့ ရလျှင် မစိန်မြင့်လည်း ယနေ့အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံကို ခေါင်းဆောင် မည့်သူဖြစ်မလာနိုင်ဟု မည်သူမျှ မပြောနိုင်ပေ။ မစိန်မြင့်လို ဖြူစင်ရိုးသားပြီး လုပ်အားတန်ဖိုး ချစ်မြတ်နိုးသော အမျိုးသမီးများသည် မဖွံ့ဖြိုးသေးသည့် ကျေးလက်ဒေသများတွင် များစွာရှိနေသဖြင့်  သူတို့ဒေသဖွံ့ဖြိုးတိုးတက်ပြီး ပညာသင်ကြားနိုင်ကြစေရန် တစ်နည်းဆိုသော နိုင်ငံဖွံ့ဖြိုးတိုးတက်စေ ရန် ကျွန်မတို့ အားလုံးအစွမ်းကုန် ကြိုးစားကြဖို့လိုပါသည်။ အတန်းပညာ သင်ပေးသည့် ဆရာမ မဟုတ်သော်လည်း ဘဝပညာသင်ပေးခဲ့သည့် ဘဝဆရာမ မစိန်မြင့်အား ကျွန်မတစ်သက်မေ့ နိုင်တော့မည် မဟုတ်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags