အီတလီ ရှေးဟောင်းဘုရားရှိခိုးကျောင်းအတွင်း ခေါင်းပေါ် ကျောက်တုံး ပြုတ်ကျရာမှ တိုးရစ်တစ်ဦး သေဆုံး

အီတလီ ရှေးဟောင်းဘုရားရှိခိုးကျောင်းအတွင်း ခေါင်းပေါ် ကျောက်တုံး ပြုတ်ကျရာမှ တိုးရစ်တစ်ဦး သေဆုံး

 

ဖလော်ရန့်၊ အောက်တိုဘာ ၂၀ ။             ။ အီတလီနိုင်ငံ ဖလော်ရန့်မြို့ရှိ သမိုင်းဝင် ရှေးဟောင်း Santa Croce ချက်ဘုရားရှိခိုးကျောင်းအတွင်း ကျောက်တုံးကျောက်ခဲ အပိုင်းအစများ ပြုတ်ကျကာ စပိန်ကမ္ဘာလှည့်ခရီးသွားတိုးရစ်တစ်ဦး၏ ခေါင်းကို ထိမှန်ရာမှ သေဆုံးခဲ့ရကြောင်း ရဲသတင်းရင်းမြစ်များက EFE သတင်းဌာနသို့ အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုသည်။

အဆိုပါ သမိုင်းဝင် ဘုရားကျောင်းသို့ အရေးပေါ်ဌာနက ချက်ချင်း ရောက်ရှိဖြန့်ကြက်လိုက်ပြီး ခေါင်းကို ထိမှန်သူ တိုးရစ်ကို ကယ်ဆယ်သော်လည်း အသက်မီခြင်း မရှိတော့ပေ။ အတွင်းပိုင်း အမိုးခုံး ဘုရားကျောင်းက တိုင်လုံးကြီး တစ်လုံး၏ ထိပ်တွင်ရှိသော ပန်းကနုတ်ပန်းဆွဲ chapiter ပြုတ်ကျကာ အဆိုပါ စပိန်တိုးရစ်ခေါင်းကို ထိမှန်ခြင်း ဖြစ်သည်။

သေဆုံးသူ အမျိုးသား၏ အချက်အလက်များကို ရဲက ထုတ်ပြန်ခြင်းမရှိသေးသော်လည်း အီတလီမီဒီယာများက ၎င်းသည် အသက် ၅၂ နှစ်ရှိကြောင်း ဖော်ပြသည်။

တာဝန်ရှိသူများ ယင်းဘုရားရှိခိုးကျောင်းအတွင်း ရှိနေကာ နောက်ထပ် မတော်တဆမှုများ မဖြစ်အောင် လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်နေပြီး ယင်းအရပ်ကိုလည်း ပိတ်ထားကြောင်း ရဲက ပြောသည်။

Santa Croce သည် အလယ်ခေတ် ၁၄၃၃ ခုနှစ်အတွင်းက တည်ဆောက်ခဲ့သော ဂေါသစ်ဘုရားကျောင်းဖြစ်ပြီး အီတလီ၏ အထင်ကရအဆောက်အအုံများမှ တစ်ခုဖြစ်ကာ မြို့ရှိ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရာ နာမည်ကြီးနေရာများမှ တစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required