အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အထောက်အကူပြုသလား

အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အထောက်အကူပြုသလား

ရေးသားသူ Aye Thi Mon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓာတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။

အုန်းစိမ်းရည်က အရာသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓာတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓာတ်တွေ၊ ဗီတာမင် စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ့ နဲပ ဇင့် ဓာတ်တွေလိုမျိုး သတ္တုဓာတ်တွေပါဝင်နေပါတယ်။

အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓာတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလို ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ တယ်။ အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

အုန်းစိမ်းရည်ကနေရရှိနိုင်တဲ ့ကျန်းမာရေးအကျိုးကျေးဇူးများ

ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးခြင်း

အုန်စိမ်းရည်က အပူဒဏ်ကြောင့်ဖြစ်တဲ့ ရေငတ်တာကိုပြေစေနိုင်တဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာပါတဲ့ electrolyte composition တွေကြောင့် ဝမ်းလျှောတာ၊ အော့အန်တာနဲ့အလွန်အမင်းချွေးထွက်တာတွေကြောင့် ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို အားပြည့်စေပါတယ်။

သွေးတိုးကျစေခြင်း

အုန်းစိမ်းရည်မှာ ဗီတာမင် စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်နေတာကြောင့် သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းကအကျိုးမပြုတဲ့ ဆိုဒီယမ်ပမာဏကိုထိန်းညှိပေးခြင်းဖြင့် သွေးတိုးကျအောင်အထောက်အကူပြုပါတယ်။

နှလုံးကျန်းမာစေခြင်း

ကိုလက်စထရော နဲ့ အဆီပါဝင်မှုနည်းတဲ့ အုန်းစိမ်းရည်က နှလုံးကိုကျန်းမာစေပါတယ်။ ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကိုလျော့ကျစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးစေနိုင်တာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။

အုန်းစိမ်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ရောင်ရမ်းမှုကို လျော့ပါးစေတဲ့ အစွမ်းသတ္တိ နဲ့ antiplatelet properties တွေပါဝင်နေပြီး သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ သွေးကြောတွေထဲမျာ အနယ်အနှစ်စုပုံတာမျိုးတွေကိုလျှော့ချပေးနိုင်ပြီး ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုးတွေကိုလည်းလျှော့ချပေးပါတယ်။

အရက်နာကျတာကို သက်သာစေခြင်း

အုန်းရည်က အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရက်က ခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုကုန်ဆုံးစေပြီး ရေဓာတ်ကုန်ဆုံးမှုက နောက်တစ်နေ့မနက်မှာ အရက်နာကျတာကိုဖြစ်စေပါတယ်။ အုန်းရည်က ခန္ဓာကိုယ်ရဲ့ electrolyte ကိုပြန်လည်ဖြည့်တင်းပေးပြီး ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တာကြောင့် အရက်နာကျတာကိုသက်သာစေပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း

ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် အုန်းစိမ်းရည်က သောက်သုံးဖို့သင့်တော်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အစာအိမ်အတွက်လည်း အထောက်အပံ့ပြုပါတယ်။ အုန်းစိမ်းရည်မှာ အစာချေဖျက်မှုကို အထောက်အပံ့ပေးပြီး အဆီတွေချေဖျက်မှုကို တိုးမြှင့်ပေးနိုင်တဲ့ bioactive အင်ဇိုင်းတွေအများအပြားပါဝင်ပါတယ်။

အုန်းစိမ်းရည်မှာပိုတက်ဆီဝမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်တွင်းက မလိုအပ်တဲ့အရည်တွေနဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်အောင်အထောက်အပံ့ပေးပါတယ်။

ခေါင်းကိုက်တာကို သက်သာစေခြင်း

ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာအများစုက ရေဓာတ်ဆုံးရှုံးတာကြောင့် ဖြဟ်တာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ electrolytes တွေကိုထောက်ပံ့ပေးရာမှာ အထောက်အကူပြုသလို ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကိုမြှင့်တင်ပေးပါတယ်။

အုန်းစိမ်းရည်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားနေရသူတွေအနေနဲ့ သောက်သုံးပေးသင့်ပါတယ်။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ်ပမာဏ လျော့နည်းလာတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာဖြစ်ပါတယ်။

လေပွတာကို သက်သာစေခြင်း

ဆိုဒီယမ် စားသုံးမှု များတာကြောင့် လေပွတာဖြစ်ပါတယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ပမာဏကိုလျှော့ချပေးပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ဆိုဒီယမ်ပမာဏကိုလျှော့ချရာမှာ အထောက်အကူပြုပေးပါတယ်။

အယ်လ်ဇိုင်းမား( Alzheimer) ရောဂါကို သက်သာစေနိုင်ခြင်း

အုန်းစိမ်းရည်က အယ်လ်ဇိုင်းမားလိုမျိုး အာရုံကြောထိခိုက်ပျက်စီးတဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပြုနိုင်တဲ့ အရာတစ်ခုဖြစ် လာနိုင်ဖွယ်ရှိပါတယ်။ အုန်းစိမ်းရည်ထဲမှာ အပင်ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cytokinin ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီမှုကို ကာကွယ်ပေးပါတယ်။ မှတ်ဉာဏ်တွေ ပြန်လည်ကောင်းမွန်လာအောင်လည်း အထောက်အကူပြုပါတယ်။

မျက်လုံးကျန်းမာစေခြင်း

အမြင်အာရုံကြည်လင်စေဖို့အတွက် အုန်းစိမ်းရည်သောက်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့ မျက်လုံးကျန်းမာသန်စွမ်းစေဖို့အတွက် ခန္ဓာကိုယ် က ဗီတာမင် B1ကိုလိုအပ်ပါတယ်။  ဗီတာမင် B1 က မျက်လုံးကြွက်သားတွေကို သန်စွမ်းစေပြီး ညဘက်မှာလည်း မျက်လုံးအမြင်အာရုံကိုကောင်းမွန်စေပါတယ်။

pH ပမာဏကိုထိန်းညှိပေးခြင်း

အသင့်စားအလါယ်စား အစားအစာတွေလိုမျိုး အက်ဆစ်ဓာတ်ပါဝင်မှုများတဲ့အစားအသောက်တွေကို အများအပြားစားသုံးတာ၊ စိတ်ဖိစီးတာ နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ခန္ဒာကိုယ်ရဲ့ pH ပမာဏက အက်ဆစ်ဖြစ်လောက်တဲ့အထိ မြင့်တက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကိုလျော့ကျစေပြီး ဗီတာမင် နဲ့ သတ္တုဓာတ်တွေစုပ်ယူနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။

pH ပမာဏမြင့်တက်သွားတဲ့အခါ အသည်းရဲ့ လုပ်ငန်းစဉ်တွေ ထိခိုက်တာ၊ လေးဖက်နာ အဆစ်ရောင်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာ၊ဆီးချို (diabetes) ၊သွေးတိုး (hypertension) နဲ့ ကိုယ်ခံအားနည်းတဲ့ဝေဒနာတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ alkaline တွေက ကိုယ်တွင်းမှာ pH ပမာဏများတာကြောင့်ဖြစ်တတ်တဲ့ အစာအိမ်အချဉ်ပေါက်တာနဲ့ ရင်ပူတာတွေကို သက်သာစေသလို ကိုယ်တွင်း pH ပမာဏကိုလည်းထိန်းညှိပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း

အုန်းစိမ်းရည်ထဲမှာ အမိုင်နိုအက်ဆစ် နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိရာမှာအထောက်အကူပြုသလို ခန္ဓာကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကိုလည်း တိုးတက်စေပါတယ်။

ဆီးချိုသမားတွေ သောက်သုံးဖို့သင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်။

ဆီးရွှင်စေခြင်း

အုန်းစိမ်းရည်က သဘာဝဆီးရွှင်ဆေးတစ်မျိုးပါ။ ဆီးပမာဏကိုတိုးစေပြီး ဆီးရွှင်စေပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (urinary tract infections) လိုမျိုး ဝေဒနာတွေကိုလည်း ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်တွင်း ကအဆိပ်အတောက်တွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်စေပြီး ကျောက်ကပ်မှာကျောက်တည်တာတွေကိုလည်း ကျေပျက်စေနိုင်ပါတယ်။

အုန်းရည်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဆီးအိမ်ကိုပိုးကူးစက်တာတွေကိုတိုက်ဖျက်ရာမှာလည်း အထောက်အပူပြုပေးပါတယ်။

အရွယ်တင်စေခြင်း

အုန်းစိမ်းရည်ထဲမှာ ဆဲလ်တွေနဲ့ တစ်ရှုးတွေကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ cytokinin တွေပါရှိပါတယ်။ နာတာရှည် ဝေဒနာတွေနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။

လတ်ဆတ်တဲ့ အုန်းစိမ်းရည်က အရေပြားကို နူးညံ့ချောမွေ့စေအောင် အာဟာရဖြည့်ပေးသလို ရေဓာတ်လည်းပြည့်ဝအောင်လည်းလုပ်ဆောင်ပေးပါတယ်။

အုန်းစိမ်းရည်ရဲ့ ဘေးထွက်ဆိုးကျိုးများ

  •  ကျောက်ကပ်တွေက ပုံမှန်အလုပ်လုပ်ရင် (သို့) ကိုယ်တွင်းမှာ ပိုတက်ဆီယမ်ပမာဏ အရမ်းများနေရင် အုန်းစိမ်းရည်မသောက်သင့်ပါဘူး။
  • သစ်သီးသစ်စေ့ဓာတ်မတည့်သူတွေအနေနဲ့ အုန်းစိမ်းရည်မသောက်သင့်ပါဘူး။
  • အုန်းစိမ်းရည်က အချို့သူတွေကို အစာအိမ်နာတာနဲ့ လေပွတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
  • အုန်းစိမ်းရည်က ခွဲစိတ်မှုခံယူပြီးချိန်နဲ့ ခွဲစိတ်မှုခံယူနေစဉ်မှာ သွေးပေါင်ချိန်ထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့်ခွဲစိတ်ကုသမှုခံယူဖို့ရှိရင် ခွဲခန်းမဝင်ခင် ၂ ပတ်လောက်အလိုကတည်းက အုန်းစိမ်းရည်ကိုမသောက်ဘဲနေပေးပါ။
  • အုန်းစိမ်းရည်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေအနေနဲ့တော့ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
  • အုန်းစိမ်းရည်ကသွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပြီး အချို့ဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်တာကြောင့် သွေးကျဆေးသောက်သုံးနေရသူတေါအနေနဲ့ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
  • အုန်းစိမ်းရည်အလွန်အကျွံသောက်ရင်လေပွတာ ဗိုက်ထဲမှာ မအီမသာဖြစ်တာမျိုေးတွဖြစ်နိုင်တာကြောင့် အလွန်အကျွံမသောက်မိဖို့သတိပြုပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly