ရန်ကုန်တိုင်းအတွင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်း

ရန်ကုန်တိုင်းအတွင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ။          ။ မီးဘေး နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဥပဒေ(မူကြမ်း)ကို ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့၌ လူမှုရေးနှင့်စီမံခန့်ခွဲရေး ကော်မတီမှ တင်သွင်းလိုက်သည်။

ယခု တင်သွင်းလိုက်သည့် ဥပဒေမူကြမ်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါ ဌာနဆိုင်ရာ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာမည်ဟု ဥပဒေကြမ်းတင်သွင်းခဲ့သည့် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

"မီးဘေးဆိုရင် ငြှိမ်းသတ်ရမယ့်လုပ်ငန်းပါမယ်၊ ဒုက္ခသည်တွေကို နေရာချထားရေးတွေပါမယ် ၊ သူတို့အတွက် ကူညီထောက်ပံ့ပေးရတာတွေ ပါမယ်၊ ပြီးတော့ အရေးကြီးတာက မီးဘေးမှာပါသွားတဲ့ မှတ်ပုံတင်တို့၊ ပုံစံ ၆၆ တို့ကို အချိန်နဲ့တပြေးညီ ပြန်လည်ထုတ်ပေးနိုင်ဖို့ ဒီဥပဒေမှာ ပြင်ဆင်ထားတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်ကျွမ်းမှု ဖြစ်စဉ်တွင်လည်း ဌာနဆိုင်ရာချိတ်ဆက်ဆောင်ရွက်မှု အားနည်းခြင်းများ ရှိနေခဲ့သည်ဟု ဦးလှဌေးက ဆိုသည်။

“တော်တော်အားနည်းတယ် ဒီမနက်ဖြစ်တာဆို ကျွန်တော့်ဧရိယာထဲမှာပါပဲ။ ကျွန်တော်တို့တွေက ဌာနဆိုင်ရာတွေ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အားလုံးက ကိုယ်ရဲ့ကျွမ်းကျင်ရာနယ်ပယ်နဲ့ ဆောင်ရွက်နေတာမျိုးပဲရှိတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ဆောင်ရွက်နေတာမျိုးမရှိဘူး၊ အလျဉ်းသင့်သလို ဝင်လုပ်နေရတာမျိုး ဖြစ်နေတယ်” ဟု ဦးလှဌေးက ထပ်လောင်းပြောဆိုသည်။

ယနေ့ တင်သွင်းခဲ့သည့် ဥပဒေမူကြမ်းတွင် အခန်း(၈)ခန်းပါဝင်ပြီး မီးဘေး ၊ သဘာ၀ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် တာဝန်ထမ်းဆောင် နေသည့် ကော်မတီဝင်တစ်ဦးအားဖြစ်စေ၊ ကော်မတီအဆင့်ဆင့်မှ တာဝန်ထမ်းဆောင်နေသည့်သူဖြစ်စေ လုပ်ငန်းသုံးယန္တရားအားဖြစ်စေ နှောက်ယှက်ဟန့်တားသည့် မည်သူမဆို ထောင်ဒဏ် ၊ငွေဒဏ် ကျခံရမည့် အချက်များ ပါဝင်သည်။

မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဥပဒေမူကြမ်းကိုဆွေးနွေးအတည်ပြုသင့်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းလိုအပ်နေသည့်ဥပဒေဖြစ်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ထောက်ခံဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required