ကုသနိုင်သော ရောဂါများကြောင့်ပင် နေ့စဉ် ငါးနှစ်အောက် ကလေးငယ် တစ်သောင်းခွဲ သေဆုံးနေ

ကုသနိုင်သော ရောဂါများကြောင့်ပင် နေ့စဉ် ငါးနှစ်အောက် ကလေးငယ် တစ်သောင်းခွဲ သေဆုံးနေ

နယူးဒေလီ၊ အောက်တိုဘာ ၁၉ ။         ။ မွေးကင်းစကလေးငယ် သေဆုံးမှုနှုန်းသည် သိသာထင်ရှားစွာ ကျဆင်းနေလင့်ကစား ကြိုတင်ကာကွယ်နိုင်သော ဖျားနာမကျန်းဖြစ်မှုအတွင်း ငါးနှစ်အောက်ကလေးငယ် သေဆုံးမှုသည် နေ့စဉ် တစ်သောင်းခွဲ ရှိနေကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာအရ သိရသည်။

အာဖရိကနှင့် တောင်အာရှနိုင်ငံများက ပိုမိုကောင်းမွန်သော ပြုစုကုသမှုများ အားနည်းခြင်းများကြောင့် လက်ရှိမှ ၂၀၃၀ အတွင်း ကုသပျောက်ကင်းနိုင်သည့် ရောဂါများဖြင့် ငယ်ရွယ်သော ကလေးငယ်ပေါင်း သန်း ၆၀ ကျော်ထက်မနည်း သေဆုံးနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက သတိပေးထားသည်။

အဆိုပါ အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ်အတွင်း ငါးနှစ်ပြည့် မွေးနေ့ မရောက်ရှိမီ သေဆုံးသည့် ကလေးငယ်ပေါင်းက ၅ ဒဿမ ၆ သန်းခန့်ရှိသည်ဟု ကုလသမဂ္ဂကလေးငယ်များ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့က ပြောထားကြောင်း ဖော်ပြသည်။

၁၉၉၀ ခုနှစ်အတွင်းက ၁၂ ဒဿမ ၆ သန်း သေဆုံးခြင်းဖြစ်ရာ အရေအတွက် ကြီးကြီးမားမား ကျဆင်းခြင်းဖြစ်သည်။ သို့သော် နေ့စဉ် ငါးနှစ်အောက်ကလေးငယ် တစ်သောင်းခွဲ သေဆုံးနေခြင်းသည် လက်သင့်ခံစရာ မရှိသေးသော မြင့်မားသည့် နှုန်းထားဖြစ်နေကြောင်း ယင်းအဖွဲ့ကြီးများက ပြောသည်။

အဆိုပါ ကလေးငယ်များ သေဆုံးရမှုတွင် ကာကွယ်ကုသနိုင်သော ရောဂါများဖြစ်သည့် အဆုတ်ရောင်ရောဂါ၊ ဝမ်းလျှောခြင်းနှင့် ငှက်ဖျားရောဂါတို့ကြောင့် အများဆုံးသေဆုံးခြင်းသည်။ သို့သော် ရောဂါများ ဝင်ရောက်ရန် အားနည်းမှုကို ဖြစ်စေသော အာဟာရချို့တဲ့ခြင်းသည် သေဆုံးမှု ထက်ဝက်ကျော်၏ လက်သည်တရားခံဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required