Killing Fields သို့ သွားရောက်ခြင်း

Killing Fields သို့ သွားရောက်ခြင်း

ကမ္ဘောဒီးယားရဲ့ Tuol Sleng Genocide Museum အကြောင်း တော်တော်များများ သိသူတွေလည်း ရှိမှာပါ။  ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်က အထက်တန်းကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီကာလအတောအတွင်း လူပေါင်း ၂သောင်းလောက်ကို ဖမ်းဆီးပြီး အဲဒီမှာ အကျဉ်းသားအဖြစ် ဖမ်းဆီးစစ်မေးတဲ့နေရာအဖြစ် ခမာနီတွေက အသုံးပြုခဲ့ကြတာပါ။ အဲဒီနေရာကို Killing Fields လို့လည်း လူသိများကြသလို S 21 အဖြစ်လည်း သိကြပါတယ်။

Khmer Rouge လို့ခေါ်တဲ့ ခမာနီတွေ ကြီးစိုးစဉ် ကမ္ဘောဒီးယားပြည်သူတွေထဲမှ သံသယရှိသူတွေကို စစ်မေးဖမ်းဆီးခဲ့ကြပြီး သတ်ဖြတ်ခြင်းတွေ၊ အချင်းချင်း ပြန်ဖမ်းဆီးမှုတွေ၊ နိုင်ငံရဲ့ လူဦးရေ တိုးလာအောင် မသိကျွမ်းတဲ့ ယောကျာ်းမိန်းမတွေကို အတင်းအကြပ် လက်ထပ်ခိုင်းတာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ခမာနီတို့ ကြီးစိုးစဉ်ကာလအတွင်း အစာရေစာ မစားရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခံရခြင်းတို့ကြောင့် လူ ၂ သန်းလောက် သေကျေခဲ့ရပါတယ်။

Tuol Sleng Genocide Museum ကို ရောက်ပြီဆိုတာနဲ့ ဝင်ကြေး USD ၈ ဒေါ်လာပေးရပါတယ်။ ကလေးဆိုရင်တော့ ဝင်ကြေးက ၆ ဒေါ်လာဖြစ်ပြီး မနက် ၇ နာရီကနေ ညနေ ၅ နာရီခွဲအထိ ဖွင့်ပါတယ်။ ဝင်ပေါက်အနီးမှာ အထဲကို လေ့လာဖို့ Audio guide လို့ ခေါ်တဲ့ နားကြပ်နဲ့ အင်္ဂလိပ်ဘာသာနဲ့အပါအဝင် ၆ မျိုးလောက် ရှိပါတယ်။ အဲဒီအတွက်ကတော့ သီးသန့် ထပ်ပေးရပါတယ်။ ဆိုင်းဘုတ် နံပါတ် ၁ ကနေ ဆိုင်းဘုတ် ၃၂ အထိ အသံဖိုင်လေးတွေကနေတဆင့် ရှင်းပြသွားပါတယ်။

အဆောက်အဦး A ကနေ သေဆုံးသူတွေအတွက် အထိမ်းအမှတ်နေရာအထိ ရှင်းလင်းပြထားပါတယ်။ ၃ ထပ်အဆောက်အဦ အဆောင် A မှာတော့ တစ်ခန်းချင်း သံကုတင်နဲ့ နှိပ်စက်ခံခဲ့ရတဲ့ အခြေအနေကို ပြထားပါတယ်။ အခန်းက ရှင်းလင်းနေပေမယ့် သမိုင်းအရိပ်၊ ခံရသူတွေရဲ့ နာကျင်မှုက အဲဒီကျောက်ပြားတွေမှာ ရှိနေပါသေးတယ်။

အဲဒီကာလအတွင်း အနှိပ်စက်ခံရသူတွေရဲ့ ရုပ်ပုံတွေ၊ သူတို့ရဲ့ အဝတ်အစားတွေကို ပြသထားပြီး တစ်ချို့ဓာတ်ပုံတွေရဲ့ သမိုင်းကို Audio Guide နားကြပ်ကနေ ရှင်းပြပါတယ်။ တကယ်လို့ နားကြပ်မယူချင်ရင် Local Guide တွေလည်း ရှိပါတယ်။

အဲဒီနောက် လူ ၁၁ ယောက်ကို ပိတ်ထားတဲ့ အခန်းကျဉ်းလေးတွေ၊ သံခြေကျဉ်းတွေ၊ နှိပ်စက်ရာမှာ အသုံးပြုခဲ့တဲ့ကိရိယာတွေ၊ ကို အဆောင် Cနဲ့ D အပြီးမှာ တွေ့မြင်နိုင်ပါတယ်။ Audio နံပါတ် ၁၈ မှာ ဖြစ်ပါတယ်။ အမျိုးသမီး တော်တော်များများ ဖမ်းဆီးခံခဲ့ရပြီး အဲဒီကာလအတောအတွင်း အဓမ္မပြုကျင့်မှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီကာလအတွင်း သေဆုံးသူတွေရဲ့ အရိုးခေါင်းခွံတွေပါပြသထားပြီး ပန်းချီကားတွေနဲ့ပါ ပုံဖော်ထားတာဖြစ်သလို အဲဒီအကျဉ်းစခန်းတဖြစ်လဲ စစ်ကြောရေးမှာ ပါကစ္စတန်၊ အိန္ဒိယ၊ ထိုင်း၊ အင်္ဂလန်တို့လို နိုင်ငံကလူတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

သမိုင်းရဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားပြီး အာဏာရှင် ပိုပေါ့အပါအဝင် အပေါင်းအပါတွေကို ခမာနိုင်ငံတကာခုံရုံးက တရားစီရင်ခဲ့ပြီး အဓိကတရားခံ ၅ ဦးအနက် ၂ ဦးကိုသာ စစ်ဆေးနိုင်ခဲ့ပါသေးတယ်။

အဲဒီကာလက ခံစားရတဲ့သူတစ်ချို့က အဲဒီဝန်းထဲမှာပဲ အမှတ်တရ စာအုပ်ရောင်းချနေတာကိုလည်း တွေ့မြင်ရတာမို့ သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေနိုင်ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly