ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ၅ လွှာတွင်သေဆုံးနေသူတစ်ဦးထပ်မံတွေ့ရှိ

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ၅ လွှာတွင်သေဆုံးနေသူတစ်ဦးထပ်မံတွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၉ ။           ။ Level 5 အဆင့်ထိ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှုတွင် နောက်ထပ်သေဆုံးနေသူတစ်ဦးကို ၅ လွှာတွင်ထပ်မံတွေ့ရှိထားကြောင်း ထူးကုမ္မဏီများအုပ်စု ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူ ဦးဌေးလွင်ကပြောသည်။

“ ၅လွှာက Dead Body (သေဆုံးနေသူတစ်ဦး) ကို ညနေ ၃ နာရီလောက်မှာတွေ့ပါတယ် “ ဟု ထူးကုမ္မဏီများအုပ်စု ဥက္ကဋ္ဌရုံးမှ တာဝန်ရှိသူ ဦးဌေးလွင် က အတည်ပြုပြောသည်။

ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံသားဟု ယူဆရသည့် သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းကို ရရှိထားပြီး ယခုထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စုစုပေါင်း သေဆုံးသူ နှစ်ဦးထိရှိလာပြီဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

ဟိုတယ်တွင် တည်းခိုနေသူ ဟောင်ကောင် မကာအိုမြို့မှ အမျိုးသမီးတစ်ဦး ၃ လွှာမှ ခုန်ချသောကြောင့် ခါးတွင် ဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံ ကြီးတွင် ကုသမှုခံယူနေပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်း သတိလစ်ခဲ့သော ကြောင့် ဆေးကုသမှု ခံယူနေရသည်။

အောက်တိုဘာ ၁၉ ရက်အထိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ တည်းခိုနေသူ ၁၄၁ ဦးရှိနေပြီး ထက်ဝက် ကျော်မှာ နိုင်ငံခြားသားများဖြစ်ကြောင်း ထူးကုမ္ပဏီဘက်မှ သိရသည်။

လက်ရှိ ဟိုတယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၃၀၀ ခန့်ရှိပြီး  အဆိုပါအချိန်တွင်တာဝန်ကျ ဝန်ထမ်း ၆၀ ကျော်ရှိသည်ဟုလည်း သိရကာ ထိခိုက်ဒဏ်ရာရရှိမှု မကြားသိရသေးကြောင်း သိရသည်။

လက်ရှိ နေ့လယ် ၃ နာရီအချိန်ထိ ဆုံးရှုံးတန်ဖိုးနှင့် မီးလောင်ရသည့်အကြောင်းအရင်း မသိရှိရသေးဘဲ စုံစမ်း စစ်ဆေးလျှက်ရှိကြောင်းသာ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required