နိုင်ငံပိုင်အဆောက်အဦများ ပြန်သိမ်းရေးအဆိုအား ၁၆ ရက်ကြာအထိ ဆွေးနွေးမှု မပြီးပြတ်သေး

နိုင်ငံပိုင်အဆောက်အဦများ ပြန်သိမ်းရေးအဆိုအား ၁၆ ရက်ကြာအထိ ဆွေးနွေးမှု မပြီးပြတ်သေး

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ။         ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်းထားသည့် အဆိုတစ်ခုအား ရက်သတ္တပတ် ၂ ပတ်ကျော် (အဆို စတင် တင်သွင်းသည့်ရက် အောက်တိုဘာ ၃ ရက်နေ့ မှ ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့အထိ စုစုပေါင်း ၁၆ ရက်) ကြာမြင့်သည့်အထိ ဆွေးနွေးမှုများ ပြီးပြတ်မှု မရှိသေးကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြီးခဲ့သည့် အောက်တို ဘာ ၃ ရက်နေ့တွင် တင်သွင်းခဲ့သည့် "နိုင်ငံပိုင်အဆောက်အဦနှင့်မြေကွက်များအား လုပ်ငန်း လုပ်ကိုင်ရန် နည်းအမျိုးမျိုးဖြင့် ရယူထားပြီး အမှန်တကယ် လုပ်ဆောင်ခြင်းမရှိသည့် မြေကွက်နှင့် အဆောက်အဦများကို နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်းအဆို" ကို ယနေ့အထိ ဆွေးနွေးမှု မပြီးပြတ်ခြင်းလည်း ဖြစ်သည်။

ယင်းအဆိုအား မူလက အောက်တိုဘာ ၁၁ ရက်နေ့တွင် ဆွေးနွေးသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဆုံးဖြတ်ခဲ့သော်လည်း ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင်မှ ဆွေးနွေးခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

"ဒီအဆိုက ပြောရရင် ပြည်သူလူထုက စိတ်ဝင်တစားနဲ့ လိုလိုလားလားရှိတယ်။ ကျွန်တော်ဘက်ကလည်း ပြင်ဆင်ထားတာရှိတယ်။ အခုလို အချိန်တွေ ရွေ့နေတာကတော့ လွှတ်တော်တွေမှာ မကြုံဖူးဘူး၊ ရည်ရွယ်ချက်ကတော့ ဆောင်ရွက်နေသူတွေပဲ သိပါလိမ့်မယ်" ဟု အဆိုတင်သွင်းခဲ့သူ ဦးလှဌေးက လွှတ်တော်အပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး  (၁၂) ရက်မြောက်နေ့တွင် ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၉) ဦးမှ ထောက်ခံဆွေးနွေးခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရ ဘက်မှ သဘောထား မှတ်ချက်ကို လာမည့် အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြန်လည်ပေးမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

ယင်းအတွက်ကြောင့် အဆိုပါတင်သွင်းထားသည့် အဆိုသည် စတင်တင်သွင်းသည့် အောက်တိုဘာ (၃) ရက်နေ့မှ စတင်ပြီး ရက်ပေါင်း (၂၃) ရက်ကြာမြင့်မှ မှတ်တမ်းတင်ခြင်း(သို့) အတည်ပြုခြင်းကို ဆောင်ရွက်နိုင် မည် ဖြစ်သည်။

ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ဒဂုံမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက စီမံကိန်းလုပ်ဆောင်ခြင်း မရှိသည့်မြေကွက်နှင့် အဆောက်အဦးများအား ပြန်လည် သိမ်းယူနိုင်သည့်ု ၂၀၁၂ခုနှစ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကို ပြဌာန်းထားပြီး ဖြစ်ကြောင်း ဆိုသည်။

"ဥပဒေက ရှိပြီးသားပါ၊ မှတ်တမ်းတင်သည်ဖြစ်စေ အတည်ပြုသည်ဖြစ်စေ၊ အကောင်အထည်ဖော် ဆောင်ရွက်ရမှာပါ။ ဥပဒေဟာ ဥပဒေအတိုင်းပဲ လုပ်ဆောင်သင့်ပါတယ်" ဟု ဦးကျော်ဇေယျက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly