အောက်တိုဘာ ၁၉၊ မန်ချက်စတာ။ ။ ချန်ပီယံလိဂ်တွင် ဘင်ဖီကာအသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက ၎င်း၏ နည်းစနစ်နှင့်ပတ်သက်ပြီး ကာကွယ်ပြောဆိုလိုက်သည်။
အန်ဖီးလ်တွင် လီဗာပူးလ်အသင်းနှင့် ဂိုးမရှိသရေကျသည့် ပရီးမီးယားလိဂ်ပွဲပြီးစဉ်ကလည်း ပေါ်တူဂီလူမျိုးနည်းပြ၏ ခံစစ် အသားပေးလွန်းပုံကို လီဗာပူးလ်နည်းပြကလော့ပ်အပါအဝင် အတော်များများက ဝေဖန်ခဲ့ကြသေးသည်။
ချန်ပီယံလိဂ်အုပ်စု A တွင် သုံးပွဲကစား သုံးပွဲစလုံးအနိုင်ရပြီးနောက် မော်ရင်ဟိုက ခံစစ်ကိုအာရုံစိုက်ခြင်းမှာလည်း လွန်စွာ အရေးပါသည်ဟု ပြောသည်။
“ကျွန်တော်တို့အသင်းက အခြေအနေကောင်းကို အမြဲထိန်းထားနိုင်တဲ့အသင်းပါ။ ဂိုးတစ်ဂိုးလောက်ပေးရနိုင်တယ်လို့တောင် ကျွန်တော်တစ်ခါမှ မတွေးဖူးပါဘူး။
ကျွန်တော်တို့ ခံစစ်ကိုကျစ်ကျစ်လျစ်လျစ်ကစားခဲ့တယ်။ တစ်ခါတလေတော့ ခံစစ်ကောင်းတာက ရာဇဝတ်မှုတစ်ခုလို ကျွန်တော် ခံစားမိတယ်။ ဒါပေမဲ့ အဲဒါက ရာဇဝတ်မှုမဟုတ်ပါဘူး။
ခံစစ်ကောင်းတာက ရလဒ်ကောင်းဖို့ အစိတ်အပိုင်းတစ်ခုပါ။ ဘင်ဖီကာဖိအားက မိနစ် ၉၀ လုံးမရှိဘူးလို့ ကျွန်တော်တို့ သိပါ တယ်။ ဘင်ဖီကာက လီဗာပူးလ်ရဲ့ခံစစ်လောက်မကောင်းပါဘူး။ ဖိအားကင်းနေရင် ဂိုးရမယ်ဆိုတာ ကျွန်တော်တို့ ကြိုသိခဲ့ပြီး သားပါ။
အခြေခံကျကျပြောရရင် ကိုးမှတ်ရထားလို့ နောက်တစ်ဆင့်တက်ဖို့ တစ်မှတ်လောက်ပဲလိုတော့သလို၊ အုပ်စုဗိုလ်ဖြစ်ဖို့ကလည်း နိုင်ပွဲတစ်ပွဲလောက်ပဲ လိုပါတော့တယ်။ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ရာနှုန်းပြည့်ပဲ” ဟု မော်ရင်ဟိုကဆိုသည်။
Ref; Daily Mail