တရားမဝင် လက်နက်များအား လာရောက်အပ်နှံကြရန် ပြည်ထဲရေး ကြေညာ

တရားမဝင် လက်နက်များအား လာရောက်အပ်နှံကြရန် ပြည်ထဲရေး ကြေညာ

နေပြည်တော်(အောက်တိုဘာ ၁၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ တရားမဝင် လက်ဝယ်ထားရှိသော လက်နက်၊ ခဲယမ်းများအပါအဝင် ဆက်သွယ်ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံး လာရောက်အပ်နှံကြပါရန် ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၈ရက်တွင် ကြေညာလိုက်သည်။

“လာရောက်အပ်နှံခြင်းမပြုဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ်ရရှိပါက တရားဥပဒေအရ အရေးယူသွားမည်” ဟု ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

အောက်တိုဘာ ၁၅ရက်က ဝန်ကြီးဟောင်းတစ်ဦး၏သား ဖြိုးကိုကိုတင့်ဆန်းထံမှ နေပြည်တော်လေဆိပ်တွင် သေနတ်များနှင့် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ပြီး ၎င်းနှင့်ဆက်စပ်၍ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက ထိုသို့ အသိပေးကြေညာလိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၈ရက်အထိ ပစ္စတိုသေနတ် ၁၃လက်၊ ရိုင်ဖယ်သေနတ် ၆လက်၊ Gas ဖြင့် ဘောစေ့ထည့် ပစ်ခတ်သော ရိုင်ဖယ် ၁လက်၊ ပစ္စတို ၃လက်၊ ဆက်သွယ်ရေးစက် ၃၄လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ပြည်ထဲရေးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၎င်းနှင့်ဆက်စပ်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားဖြင့် လက်နက်ပုဒ်မ ၁၉(စ)၊ ၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၁)(က)(င)၊ ပို့/သွင်းကုန် ပုဒ်မ ၈/၁၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက် ရှိသော လက်နက်ကိုင်ဆောင်ရေး မူအရ လေသေနတ်များအပါအဝင် သေနတ်လက်နက် အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုထားသည်။ ထိုသို့ လိုင်စင်ဖြင့် ကိုင်ဆောင် ခွင့်ရရှိရန် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန (လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ်စိစစ်ရေးအဖွဲ့)သို့ တင်ပြ လျှောက်ထားပြီး စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိသည်။

လတ်တလော စစ်ဆေးချက်များအရ ဖြိုးကိုကိုတင့်ဆန်းအား လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်/ပါမစ် ထုတ်ပေးထားခြင်းမရှိဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးက ပြောဆိုထားသည်။

တရားမဝင်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုများနှင့် ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ထက်မနည်း ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အလားတူ ၁၉၅၁ ခုနှစ် လက်နက်များ(ယာယီ)ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ထက်မနည်း ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags