ကန်တော်ကြီးပဲလေ့စ်ဟိုတယ် Level 5 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိနိုင်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် Level 5 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိနိုင်

 

အောက်တိုဘာ ၁၉ ။                   ။ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ယနေ့မနက်အစောပိုင်းက Level 5 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိနိုင်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်ပြီး ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် Level 5 အဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"အသေအပျောက်က ကျွန်တော်တို့ကြားတဲ့သတင်းပေါ့ အခိုင်အလုံတော့ မဟုတ်ဘူး ။ လတ်တလောဖြစ်စဉ်မှာက တစ်ယောက်သေတယ်ဆိုတာတော့ ကြားထားတယ် ။ ကျန်တာတော့လူတွေ ဘာတွေအကြီးအကျယ် မရှိပါဘူး"ဟု မင်္ဂလာတောင်ညွှန့်မြိုနယ် ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မဇ္ဈိမသို့ ပြောသည်။

တည်းခိုသူ နိုင်ငံခြားသူတစ်ဦး ၄ လွှာမှ ခုန်ချသော ဒဏ်ရာရရှိပြီး မီးသတ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ယခုအချိန်မနက် ၈ နာရီခန့်အထိ မီးကြွင်းမီးကျန်များ ရှင်းလင်းလျက် ရှိသေးကြောင်း သိရသည်။

အဆိုပါမီးလောင်မှုတွင် လူအသေ၊အပျောက်များလည်းရှိနိုင်သည်ဟု ပုလဲမြို့အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္ဈိမသို့ပြောသည်။

"Level 5ဆိုတာကတော့ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့ စခန်းရှိကားများ မီးသတ်ကားတစ်စီးချန်ပြီးတော့ ကျန်တဲ့ကားတွေအကုန်ထွက်ပေးရတယ်"ဟု မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က ပြောသည်။

"အဓိကအဲဒီမှာအရေးကြီးတာက နိုင်ငံခြားသားခရီးသည်တွေ ရှိတာပေါ့ ။ လူတစ်ကိုယ်စာပဲရှိတယ် ပက်စ်ပို့စ်တွေဘာတွေ အခက်အခဲရှိတာပေါ့ မင်္ဂလာတောင်ညွှန့်မြို့နယ် လဝက ဦးစီးတွေကလည်း ဆောင်ရွက်ပေးနေတယ်"ဟု ဦးလှဌေးက ပြောသည်။

အဆိုပါ ဟိုတယ်မှာ တည်းခိုနေထိုင်သူများကို ချက်ထရီယမ် ဟိုတယ်နှင့် ဂျက်စမင်ပဲလေ့စ်ဟိုတယ်သို့ လတ်တလော ပြောင်းရွှေ့တည်းခိုနေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မီးလောင်ကျွမ်းမှုမှာ ဝါယာရှော့ခ်ဟု အတည်မပြုနိုင်သောသတင်းများအရ ကြားသိရပြီး လက်ရှိအချိန်တွင် မီးလောင်ရသည့်အကြောင်းရင်းကို စစ်ဆေး စုံစမ်းလျက်ရှိသည်။

၂၀၁၆ ခုနှစ် မင်္ဂလာဈေးမီးလောင်မှုဖြစ်ပွားပြီးနောက် ယခု မီးလောင်မှုသည် ပြင်းထန်သော မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆိုပါဟိုတယ်သည် ရှေးဟာင်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး ရန်ကုန်မြို့၏ အထိမ်းအမှတ်တစ်ခုတွင် အပါအဝင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly