တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ အေးရွာတွင် ကမ်းပါးပြိုကျမှု ထပ်မံဖြစ်ပွား

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ အေးရွာတွင် ကမ်းပါးပြိုကျမှု ထပ်မံဖြစ်ပွား
(ဓာတ်ပုံ - Yangon Police)

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာ အုပ်စု၊ အေးရွာမှာ  ဧရာဝတီမြစ်ကမ်းပါး အလျား ၂၀၀ ပေ၊ အနံ ၁၅၀ ပေခန့်ထပ်မံပြိုကျခဲ့မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီမြစ်ကမ်းပါးမှာ အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ထပ်မံပြိုကျခဲ့တာဖြစ်ပြီး  ၎င်းမြစ်ကမ်းပါးပြိုကျရာအနီး နေအိမ်နှစ်လုံးမှာ ပြောင်းရွှေ့နေစဉ် ဧရာဝတီမြစ်အတွင်း မျောပါသွားပြီး ကျန်နေအိမ် ၈ လုံးမှာ ကမ်းပါးပြိုကျမှုနှင့် နီးကပ်လျက်ရှိလာသဖြင့် ၎င်းနေအိမ်(၈)လုံးကို ဖျက်သိမ်းကာ ကျေးရွာအတွင်းရှိ ဆွေမျိုးများရဲ့ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပါတယ်။ 

ကမ်းပါးပြိုကျမှုကြောင့် လူထိခိုက် ဒဏ်ရာရှိမှု မရှိကြောင်းနှင့် ပြောင်းရွှေ့သူမိသားစုဝင်များကို ရဲတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ မြစ်ရေ တိုက်စားမှုကြောင့် ပြောင်းရွှေနေထိုင်လျက်ရှိတဲ့ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာသို့ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်နိုင်ထွန်းတို့အဖွဲ့မှ ရောက်ရှိကာ လူသုံးကုန်ပစ္စည်း၊ အဝတ်အစားအိတ်နှင့် အိမ်ထောင်စု တစ်စုချင်းစီအား ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ 

မြစ်ကမ်းပါးပြိုကျမှုကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှ စတင်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့အထိ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာရှိ လူနေအိမ်ခြေ ၈၅ လုံး၊ အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ကျား/မ ၃၂၀ ဦးတို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထမှာ ပါရှိပါတယ်။

Ref; Yangon Police

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly