ပထမဆုံးအကြိမ် ဆိုင်ကယ်လမ်းကြမ်းစီးပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပ ပြုလုပ်မည်

ပထမဆုံးအကြိမ် ဆိုင်ကယ်လမ်းကြမ်းစီးပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပ ပြုလုပ်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ဆိုင်ကယ်လမ်းကြမ်းပြိုင်ပွဲ (Myanmar Enduro 2017)ကို မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အရှေ့ဘက်ရှိ   နေကာတောင်တွင်   ပြုလုပ်မည်ဖြစ်သည်။

အဆိုပါပွဲနှင့် ပတ်သက်ပြီး အောက်တိုဘာ(၁၈)ရက် နေ့လည်(၂)နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၆၄)လမ်း နှင့် (၂၇)လမ်းထောင့်ရှိ အိုရီရမ်တယ်ဟောက်စ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဆိုင်ကယ်လမ်းကြမ်းပြိုင်ပွဲတွင် အတန်းနှစ်တန်း သတ်မှတ်ထားပြီး အင်ဂျင်ပါဝါ 125CC-230CC ရှိ ဆိုင်ကယ်များဖြင့် ယှဉ်ပြိုင်ရမည့် အငယ်တန်းပြိုင်ပွဲ နှင့် အင်ဂျင်ပါဝါ 231CC-650CC ရှိ ဆိုင်ကယ်များဖြင့် ယှဉ်ပြိုင်ရမည့် အကြီးတန်းပြိုင်ပွဲ ကို ကျင်းပမည်ဖြစ်သည်။

'' ဆိုင်ကယ်က သူနေရာနဲ့သူ အသုံးပြုလ့ိုရတာ အများကြီးရှိပါတယ်၊ မြန်မာနိုင်ငံမှာတော့ လူအများစုက လမ်းမတွေပေါ်ပဲ သွားနေရင် ရတယ်ဆိုတာပဲ သိကြတယ်၊ ဆိုင်ကယ်အကြီးတွေက တောထဲမှာ အဓိက သုံးတယ်ဆိုတာ သိစေချင်လို့ အခုလို ပြိုင်ပွဲလုပ်တာပါ၊ပထမဆုံးအကြိမ် ကျင်းပမည့် ဆိုင်ကယ်လမ်းကြမ်းပြိုင်ပွဲနဲ့ လိုက်ဖက်တဲ့ နေရာ၊ ဘေးပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့ နေရာဖြစ်တဲ့   နေကာတောင်မှာ လုပ်မှာပါ၊ လာကြည့်တဲ့ လူတွေ စောင့်ရတာ မပျင်းအောင် တောင်ခြေမှာ ဆိုင်ကယ်အသေးတွေနဲ့ အပျော်ပြိုင်ပွဲတွေ လုပ်ပေးထားပါတယ် '' ဟု Myanmar Enduro 2017 ပွဲစီစဉ်သူ ကိုအောင်ထွန်းဝင်းက ပြောသည်။

ပထမဆုံးအကြိမ် ဆိုင်ကယ်လမ်းကြမ်းပြိုင်ပွဲကို လာမည့် နိုဝင်ဘာ(၁၈)ရက် နံနက်(၉)နာရီ မှ ညနေ(၃)နာရီထိ မန္တလေးမြို့ နေကာတောင်တွင် ပြုလုပ်မည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပထမဆု (၅)သိန်း၊ ဒုတိယဆု (၃)သိန်း၊ တတိယဆု (၂)သိန်း၊ စတုတ္တဆု (၁)သိန်း နှင့် ပဉ္စမဆု (၇)သောင်း ချီးမြှင့်မည်ဖြစ်သည်။

'' ပြိုင်ပွဲဝင်တဲ့လူတွေအနေနဲ့ အာမခံကြေးပေးသွင်းပြီးမှ ပြိုင်ခွင့်ပြုမှာပါ၊ အာမခံကြေးတစ်သောင်း ကောက်ပါတယ်၊ အာမခံကြေးသွင်းပြီး ပြိုင်ပွဲ လာပြိုင်တဲ့အခါ အမှတ်တရ အကျီနဲ့ လျှာထိုးဦးထုပ်တွေ ပေးသွားမှာပါ '' ဟု Myanmar Enduro 2017 ပွဲစီစဉ်သူ ကိုအောင်ထွန်းဝင်းက ပြောသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မန္တလေးမြို့ (၇၈)လမ်း နှင့် (၃၃)လမ်းထောင့်အနီးရှိ အို စတိုး နှင့် နယ်မြို့များရှိ ဆိုင်ကယ်အရောင်းဆိုင်ကြီးများတွင် ပြိုင်ပွဲဝင်ဖောင်ပုံစံများအား (၂၀၁၇)ခုနှစ် အောက်တိုဘာ(၂၀)ရက်မှ နိုဝင်ဘာ(၈)ရက်နေ့ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required