တရုတ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးတွင် တပ်မတော်၏ ဆောင်ရွက်ချက်များအား ထောက်ခံဟု ဆို

တရုတ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးတွင် တပ်မတော်၏ ဆောင်ရွက်ချက်များအား ထောက်ခံဟု ဆို
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အောက်တိုဘာ ၁၈ ။            ။ တရုတ်နိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးတွင် တပ်မတော်၏ ဆောင်ရွက်ချက်များအား ထောက်ခံ ကြောင်း  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang က ယမန်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံစဉ် ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်၊ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံစဉ် ပြောခဲ့ခြင်း ဖြစ်သည်။

“ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းလုပ်ဆောင်နေသည်ကို သိရှိထောက်ခံပြီး အိမ်နီးချင်းမိတ်ဆွေကောင်းပီသစွာဖြင့် ဆက်လက်ရပ်တည်ကူညီလုပ်ဆောင်သွားမည်” ပြောခဲ့ပြီး အကြမ်းဖက်မှုကာကွယ်တားဆီးရေးအား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်တို့အား   ဆွေးနွေးခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ လုပ်ဆောင်နေသော်လည်း နိုင်ငံတကာမှသိရှိထားသည့် အချက်အလက်များမှာ မှားယွင်းနေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသံ အမတ်ကြီးတို့ကိုယ်တိုင် ယင်းဒေသကိုရောက်ရှိပြီး မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်၍ ရခိုင်ဒေသ အခြေအနေမှန်များကို နိုင်ငံတကာမှ မှန်ကန်စွာသိရှိစေရန် ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးစေလိုကြောင်း ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး၊ တရုတ်နိုင်ငံတွင် ပြုလုပ်တော့မည့်(၁၉)ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီကွန်ဂရက် အကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ထွက်ပြေးသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ရပ်တည်ပြောဆိုချက်တချို့မှာ ပုံကြီး ချဲ့ပြောဆိုမှုများရှိပြီး မမှန်ကန်ကြောင်းနှင့် တပ်မတော်ဘက်မှ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များ နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က H.E.Mr. Sun Guoxiang နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required