ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပတ်သက်ပြီး သေနတ် ၂၁ လက်အထိ စစ်ဆေးတွေ့ရှိထား

ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပတ်သက်ပြီး သေနတ် ၂၁ လက်အထိ စစ်ဆေးတွေ့ရှိထား

အောက်တိုဘာ ၁၈ ။           ။ ဦးဖြိုးကိုကိုတင့်ဆန်းအား လေဆိပ်တွင် မူးယစ်ဆေးဝါးနှင့် ပစ္စတို ၂ လက်တွေ့ရှိရာမှ ယနေ့အထိ အမျိုးအစား ကွဲပြားသော  ပစ္စတို ၉ လက်၊ အမ်-21၊  အမ်-16 အမျိုးအစားများအပါအဝင် စုစုပေါင်း သေနတ် ၂၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား အောက်တိုဘာလ ၁၇ ရက်အထိ ဖမ်းဆီးရမိခဲ့သည်။

အောက်တိုဘာလ ၁၅ရက်၊ နေပြည်တော်လေဆိပ်တွင် စတင်ဖမ်းဆီးတွေ့မိရာမှ ပြီးခဲ့သည့် အစိုးရ လက်ထက် က အားကစားဝန်ကြီးဖြစ်သူ ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးတင့်ဆန်း၏ သားဖြစ်သူ အသက် ၄၁နှစ်အရွယ် ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်ရှိ ACE ဟိုတယ်၊ ရန်ကုန်ရှိ ACE ဟိုတယ်နှင့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်းရှိနေအိမ်တို့တွင် ရှာဖွေခဲ့ရာ ယင်းသို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၅ ရက် ညပိုင်းက နေပြည်တော်လေဆိပ်တွင် “WY စိတ်ကြွဆေးပြား(၁၂)ပြား၊ ICE(၁.၅)ဂရမ်၊ သြစတြေးလျနိုင်ငံထုတ် ၉မမ ပစ္စတို (၂)လက် (သေနတ် နံပါတ် RPE-204၊ URS-352)၎င်းကျည်(၇၂)တောင့်၊ ကျည်အိမ်(၂)ခု၊ ဆက်သွယ်ရေးစက် (၃)လုံး(Wind Talker တရုတ်နိုင်ငံထုတ် ၁၊ KENWOOD တရုတ်နိုင်ငံ ထုတ် ၁၊ YAESU ဂျပန်နိုင်ငံထုတ် ၁)၊ Phyo Ko Ko Tin San(LS-609)အမည်ပါ လေဆာတုံး(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊ Drone အဝေးထိန်းယာဉ်(၁)ခု၊ မှန်ဘီလူး(၁)ခု(အိတ်ပါ)၊ ကင်မရာ(၆)လုံး၊ နာရီ(၁)လုံး၊ Wifi လွှင့်၍ အသုံးပြု သည့်စက်(၁)ခု၊ Memory Stick မျိုးစုံ(၁၅)ခု၊ ဖုန်း(၃)လုံးတို့နှင့် ၎င်းတို့(၃)ဦး စီးနင်းလာသော YGN-×××× HUMMER ယာဉ်(၁)စီး(ယာဉ်လိုင်စင် စိစစ်ဆဲ)” အား သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ACE သို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် ဦးစီးအဖွဲ့မှ ပစ္စတို ၄ လက်(ကောင်း ၃၊ မကောင်း ၁)၊ ကျည် ၂၉၂ တောင့်(.၂၂ ကျည် ၆၀ ၊ 9MM ကျည် ၁၃၉ ၊ ၅.၅၆ ကျည် ၉၂ ၊ ၇.၆၅ ကျည် ၁)၊ အမ်-21(၁)လက် (မကောင်း)၊ အမ်-16 ပုံပြောင်း(၄)လက်၊ အမ်-16 ကျည်အိမ် ၄ ခု(တို ၁၊ ရှည် ၃)၊ ပစ္စတိုကျည်အိမ်(၁)ခု၊ ဓားမြှောင်(၁)ချောင်း၊ ပျောက်ကျားလွယ်အိတ် (၁)လုံး၊ ပစ္စတိုထည့်သည့် အိတ်(၃)လုံး၊ ကျည်ထည့်သည့် အဝတ်အိတ်(၃)လုံး၊ ကျည်ထည့်သည့်ဘူး သေး(၁)ဘူး၊ ဆက်သွယ်ရေး စက်အထိုင်(၂)လုံး၊ လက်ကိုင်ဆက်သွယ်ရေးစက် ၁၉ လုံး၊ အားသွင်းခွက် (၁၂)ခု၊ ဖုန်း(၁)လုံးနှင့် အခန်း(H-2)၊ (JS-005)အခန်းမှ Drone ယာဉ်(၇)စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ၀၉၀၀ အချိန် မှ ၀၉၄၀ အချိန်ထိ သာကေတမြို့နယ်၊ (၁၀/တောင်) (၁၃)ရပ်ကွက်၊ စိန်ပန်းလမ်းရှိ ဦးဖြိုးကိုကိုတင့်ဆန်းပိုင်ဆိုင်သော ACE Group Of Compines အဆောက်အဦ ရှေ့တွင် ရပ်ထားသည့် Hummer အနက်ရောင် ယာဉ်ပါ (၄)စီးအားရှာဖွေခဲ့ရာ 2N/xxxx ယာဉ်အတွင်းမှ သံဘောစေ့ဖြင့်ပစ်ရသော ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု(အမျိုးအစားနှင့် ထုတ်လုပ်သည့် နိုင်ငံ မပါ) အားတွေ့ရှိ သိမ်းဆည်းခဲ့ပြီး တဆက်တည်း ACE Group ကုမ္ပဏီအဆောက်အဦထဲ သို့ ဝင်ရောက်ရှာဖွေရာ အခန်းအမှတ်(၆၀၁)မှ Gas ပစ္စတို(၂)လက် (ကျည်အိမ်ပါ)၊ ၅.၅၆ ကျည် ၁၀ တောင့်၊ ကျည်အိမ်(၂)ခု၊ အခန်းအမှတ်(၆၀၃) မှ သေနတ်အိတ်(၂)ခု၊ အခန်းအမှတ်(၅၀၁)မှ လက်ကိုင် စကားပြောစက်(၁)လုံး၊ ဆေးသေတ္တာ(၂)ခုတို့ အားတွေ့ရှိသိမ်းဆည်းခဲ့ရမိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၇ ရက်တွင် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်းရှိ ဦးဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်ထဲမှ ကျည်ဆန်၊ စနိုက်ပါမှန်ပြောင်း၊ မူးယစ်ဆေးဝါးများနှင့် အခြားဆက်စပ် ပစ္စည်းများ ထပ်မံတွေ့ရှိခဲ့ရသည်။

လက်ရှိအချိန်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် ကွင်းဆက်တရားခံများဟု ရဲတပ်ဖွဲ့က ယူဆပြီး ဖမ်းဆီးထားသူ အားလုံးကို နေပြည်တော်နှင့် ရန်ကုန်ရှိ ရဲစခန်းများတွင် လက်နက်ပုဒ်မ ၁၉(စ)၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

တရားမဝင်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုများနှင့်ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၁၉ အရ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ အလားတူ ၁၉၅၁ ခုနှစ် လက်နက်(ယာယီ)ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉(က)အရလည်း ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံးခုနစ်နှစ် အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly