ခွဲထွက်ရေးခေါင်းဆောင်များ အကျဉ်းချခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ဘာစီလိုနာ၌ လူနှစ်သိန်းခန့် ဆန္ဒပြ

ခွဲထွက်ရေးခေါင်းဆောင်များ အကျဉ်းချခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ဘာစီလိုနာ၌ လူနှစ်သိန်းခန့် ဆန္ဒပြ

ဘာစီလိုနာ၊ စပိန်၊ အောက်တိုဘာ ၁၈ ။            ။ စပိန်တရားသူကြီးက ကတ်တလန်ခွဲထွက်ရေး ခေါင်းဆောင်များကို အကျဉ်းချထားရန် အမိန့်ချခဲ့ပြီးနောက်တွင် ထိုအမိန့်ကိုဆန့်ကျင်သည့်အနေဖြင့် ကတ်တလန်ပြည်သူ ၂ သိန်းခန့်သည် ဘာစီလိုနာမြို့လမ်းမများပေါ်၌ ချီတက်စုရုံးကာ ဆန္ဒပြခဲ့ကြသည်။

ချီတက်ဆန္ဒပြသောလူအုပ်ကြီးသည် အနီနှင့် အဖြူရောင် ဖယောင်းတိုင်များကို ကိုင်ဆောင်ထားကြပြီး “လွတ်လပ်ရေး” ဟု သံပြိုင်အော်ဟစ်ခဲ့ကြကာ မြို့လယ်ခေါင်တစ်လျှောက် ချီတက်ခဲ့ကြသည်။ လူပေါင်း ၂သိန်း ဝန်းကျင်ခန့် ထိုချီတက်ဆန္ဒပြမှုထဲတွင် ပါဝင်ခဲ့ကြကြောင်း ဘာစီလိုနာမြို့တော်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောခဲ့သည်။

ဖယောင်းတိုင်မီးထွန်းညှိသည့် ဆန္ဒပြမှုများကို ဂီရိုနာ၊ ရုစ်နှင့် ကတ်တလန်ဒေသမှ အခြားမြို့ကြီးများ၌လည်း ပြုလုပ်ခဲ့ကြပြီး ဂျော်ဒီကူဇာ့တ်နှင့် ဂျော်ဒီဆန်းချက်ဇ်တို့ကို တနင်္လာနေ့ကအကျဉ်းချထားရန် အမိန့်ချမှတ်ခဲ့သည့် မက်ဒရစ်အခြေစိုက် အမျိုးသားတရားရုံးအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

“သူတို့ကကျနော်တို့ လွတ်လပ်ရေးအကြောင်းမတွေးနိုင်အောင် ခြောက်လှန့်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ ဖြစ်ပွားနေဦးမှာပါ။ တစ်နေ့နဲ့တစ်နေ့ ကျနော်တို့ အင်အားများပြားလာပြီး နောက်ဆုံး မှာတော့ ကျနော်တို့လိုချင်တာကို ရအောင်ယူနိုင်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ဘာစီလိုနာမြို့ချီတက်ပွဲ၌ ပါဝင်ခဲ့သော အသက် ၂၂အရွယ်ရှိ အီလီယက်စ်ဟောရစ်ဇ်က ပြောခဲ့သည်။

မက်ဒရစ်အစိုးရက ကတ်တလန်ဒေသခွဲထွက်ရေးခေါင်းဆောင် ကားလက်စ်ပွတ်ဒီမွန့်အား အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပခဲ့သော ဆန္ဒခံယူပွဲအပြီးတွင် သူ့အနေဖြင့် လွတ်လပ်ရေးကြေညာချက်ကို အကောင်အထည် ဖော်မလားဆိုတာကို ကြာသာပတေးနေ့နောက်ဆုံးထားပြီး ရှင်းရှင်းလင်းလင်းပြောကြားရန် ရာဇသံပေးထား သည်။

သို့သော်လည်း ပွတ်ဒီမွန့်သည် တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခြင်းမရှိသေးသလို စေ့စပ်ညှိုနှိုင်းမှုများ လုပ်ဆောင် သွားရန်အတွက် စပိန်ဝန်ကြီးချုပ် မာရီယာနိုရေးဂျွိုင်းအား ကမ်းလှမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required