ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဆူပူရန်လှုံ့ဆော်ခဲ့သည်ဆိုသောသူကို နိုင်ငံတော်အကြည်အညို ပျက်စေမှု ဖြင့် စစ်ဆေးမည်

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဆူပူရန်လှုံ့ဆော်ခဲ့သည်ဆိုသောသူကို နိုင်ငံတော်အကြည်အညို ပျက်စေမှု ဖြင့် စစ်ဆေးမည်

မကွေး၊ အောက်တိုဘာ ၁၇ ။        ။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန် စည်းရုံးခဲ့သည်ဟူသော အမျိုးသားတစ်ဦးအား ပုဒ်မ ၁၂၄ (က ) နိုင်ငံတော်အကြည်အညိုပျက်အောင်ပြုခြင်းဖြင့် လက်ခံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးခရိုင် တရားရုံးမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက် ၁၁ နာရီအချိန်ခန့် မကွေးခရိုင်တရားရုံး (ဒုတိယ)ရုံးချိန်တွင် ခရိုင်တရားသူကြီး ဒေါ်မိမိစိန်က တရားလို မကွေးတိုင်းဒေသကြီးအစိုးရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေအား ခေါ်ယူစစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် အမှုနှင့်ပတ်သက်၍ ရဲစခန်းသို့ ကျင့်(၂၀၂)ဖြင့် ချပေးခဲ့ကြောင်း ရဲစခန်းမှ ပြန်လည် တင်ပြခဲ့သော ရဲစစ်ဆေးချက် အစီရင်ခံစာအား လက်ခံရရှိပြီးဖြစ်ကြောင်း အမှုအား ပုဒ်မ ၁၂၄ -က အကြည်ညိုပျက်အောင်ပြုခြင်းဖြင့် လက်ခံစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး စည်းရုံးခဲ့သည်ဟူသော မကွေးမြို့ အောင်မေတ္တာ Bအုပ်စု ၂လမ်း အောင်စေတနာဘုန်းကြီးကျောင်း တောင်ဘက်ပေါက် အနီးနေထိုင်သူ   အောင်ကျော်မြင့် အသက် ၆၀ခန့် အမျိုးသားအား ရုံးချိန်ရောက်ရှိရေး ဖမ်းဝရမ်းထုတ်သွားမည်ဖြစ် ကြောင်း၊ ရုံးချိန်အား အောက်တိုဘာ အောက်တိုဘာလ ၁၉ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး လှုံ့ဆော်ပေးရန် စည်းရုံးခဲ့သည်ဟူသော အမျိုးသား တစ်ဦးအား ဥပဒေနှင့်အညီ အရေးယူပေးနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေက တရားလိုပြုလုပ်၍ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မကွေးခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊အဆိုပါ ဦးတိုက်လျှောက်ထားမှုကို မကွေးခရိုင် တရားရုံး တရားသူကြီး ဒေါ်မိမိစိန်က ရာဇသတ်ကြီး အမှုအမှတ် ၅၅/၂၀၁၇ ဖြင့် လက်ခံခဲ့ကြောင်း ၊ စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင်  တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက တရားလိုပြု၍ လျှောက်ထား ခဲ့ကြောင်း၊ ယင်းလျှောက်ထားချက်တွင် စည်းရုံးခံရသူနှင့် ဒေါက်တာအောင်မိုးညို အပါအဝင် သက်သေငါးဦး ထည့်သွင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်နေ့ ညနေ ၃နာရီခွဲခန့်က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ၎င်း၏ ရုံးခန်းသို့ သတင်းမီဒီယာများအား ဖိတ်ခေါ်ကာ ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေရေး လှုံ့ဆော်ပေးရန် မကွေးမြို့မှ အမျိုးသားတစ်ဦးကို ကျပ် ၅၀၀၀၀၀ ပေးမည်ဟု စည်းရုံးသူ ရှိနေပြီး မကွေးတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများအား ဆောင်ရွက်သင့်သည်များ ညွှန်ကြားပြီး ဖြစ်ကြောင်း၊ ရှင်းလင်းပြောကြားခဲ့သည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၁၂၄(က)တွင်မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသောနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော် လည်းကောင်း၊မလေးစားအောင် သော်လည်းကောင်း ပြုလျင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လံှု့ဆော်လျင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက်လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ ၊ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်လို့ ပြဌာန်းထားကြောင်း ရှင်းလင်း ပြောကြားခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly