စားသုံးသူထံရောင်းချသော အသားငါးနှင့် ကုန်ပစ္စည်းများ အလေးချိန်ခွင် မပြည့်ပါက အရေးယူမည်

စားသုံးသူထံရောင်းချသော အသားငါးနှင့် ကုန်ပစ္စည်းများ အလေးချိန်ခွင် မပြည့်ပါက အရေးယူမည်

မင်းတုန်း၊ အောက်တိုဘာ ၁၇ ။        ။ မင်းတုန်းမြိုပေါ်ရှိ ပွဲရုံ ၊ ကုန်စုံဆိုင် နှင့် ဈေးဆိုင်များမှ စားသုံးသူပြည်သူအများစုထံ ရောင်းချသော အသားငါး ၊ ကုန်ပစ္စည်းများတွင် အလေးချိန်ခွင်ပြည့်ဝခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ပြစ်ဒဏ်ချမှတ် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“ အလေးချိန်ခွင် ၊ အချိန်အတွယ်တွေ မပြည့်မီတာတွေကို ရှောင်တခင်စစ်ဆေးနေပါတယ်။ စစ်လို့ မပြည့်ဘူး ဆိုရင် စည်ပင်ကော်မတီနဲ့ ညှိနှိုင်းပြီးတော့ တစ်ကြိမ်တစ်ခါဆိုရင် သတိပေး မှတ်တမ်းတင်တာလုပ်မယ်။ ဒုတိယအကြိမ်ဆိုရင် စီမံခန့်ခွဲမှု ငွေဒဏ်တပ်ရိုက်ပါမယ်။ တတိယအကြိမ်ဆိုရင်တော့ ဘယ်လိုပြစ်ဒဏ်ပေးရမလဲဆိုတာ တိုင်းအဆင့်ကို တင်ပြဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု မင်းတုန်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ပြောသည်။

စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရောင်းချသည့်နေရာများမှ အလေးချိန်ခွင် ၊ ကတ္တားအချိန်အတွယ် များကို စစ်ဆေးခြင်းအပြင် ဈေးဝယ်ပြီး ဆိုင်အတွင်းမှ ထွက်လာသော ပြည်သူများထံက ကုန်ပစ္စည်းများကို စည်ပင်သာယာရေးအဖွဲ့ပိုင် ဒစ်ဂျစ်တယ်ကတ္တားဖြင့် ပြန်လည်တိုက်ဆိုင် စစ်ဆေးမှုများ ရှောင်တခင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြို့မဈေးထဲက မနက်ခင်းဈေးမှာ ဈေးဆိုင်(၄၈)ဆိုင်နဲ့ ပျံကျဈေးသည် ၅၀ လောက်ရှိပါတယ်။ အောက် တိုဘာ (၁၄)ရက်နေ့ကစပြီး ဈေးထဲမှာ စစ်ဆေးကြပ်မတ်မှုတွေ စလုပ်ပါတယ်။ မင်းတုန်းမြို့ပေါ်မှာရှိတဲ့ ပွဲရုံ၊ကုန်စုံဆိုင်၊ ဈေးဆိုင် (၂၀)လောက်ကိုလည်း ရှောင်တခင်စစ်ဆေးမှုတွေ လုပ်နိုင်ခဲ့ပါတယ်၊ လတ်တလော အရေးယူရဖို့ထိ တော့ မတွေ့သေးပါဘူး” ဟု စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစစ်ဆေးမှုများကို မင်းတုန်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ စည်ပင်အမှုဆောင် အရာရှိ ဦးသိန်းဝင်း ၊ ဈေးကော်မတီဥက္ကဌ ဦးတင်ထွန်း ၊ စည်ပင်ကော်မတီအဖွဲ့ဝင် ဦးလှရွှေ ၊ ဦးဝင်းမြင့် ၊ ဦးတင့်ခိုင် နှင့် စည်ပင် ဝန်ထမ်းများ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required