ကားတစ်စီးနှင့် ဘုရားဆင်းတုတော် ၃ ဆူအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ကားတစ်စီးနှင့် ဘုရားဆင်းတုတော် ၃ ဆူအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မုံရွာ၊ အောက်တိုဘာ ၁၇။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် ဘုရားဆင်းတုတော် ၃ ဆူအား ကားတစ်စီးနှင့်အတူ အောက်တိုဘာလ ၁၅ ရက်နေ့က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိထားကြောင်း မြင်းမူမြို့နယ်ရဲစခန်းမှ သိရသည်။

မြင်းမူမြို့နယ်၊ ကံဖျားကျေးရွာအနီးတွင် ကားပေါ်တွင် ဘုရားဆင်းတုတော် ၃ ဆူ နှင့် ဖုန်းတစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါကားသည် ထီးဆောင်းကျေးရွာအနီး၊ မြင်းမူ-အရာတော်သွားလမ်းဆုံးတွင် အရာတော်ဘက်မှ မောင်းနှင်လာသော ခဲရောင်ကားတစ်စီးအား စစ်ဆေးရာ ရပ်တန့်ပေးခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သောကား ဖြစ်ကြောင်း သိရသည်။

"သတင်းအရ ပိတ်ဆို့ပြီး ဖမ်းတယ်။ ကားကိုရပ်မပေးပဲ ပိတ်ဆိုးထားတာတွေကို ဖောက်ထွက်ပြီး မောင်းပြေး သွားတယ်။ ကားနှစ်စီးတော့ ဘော်ဒီတွေ ပိန်သွားတယ်။ နောက်ကနေ လိုက်ဖမ်းတော့ ၃ မိုင် လောက် အကွာက ရွာတစ်ရွာရဲ့ လမ်းကြိုလမ်းကြားထဲမှာ မိတယ်။ လူတွေကတော့ ထွက်ပြေးသွားတယ်။" ဟု မြင်းမူမြို့နယ်၊ ရဲစခန်းမှ ရဲအုပ်သိန်းဇော်က ပြောသည်။

အဆိုပါကားပေါ်မှ ဉာဏ်တော်အမြင့်(၄)ပေ၊ ဗျက် (၃)ပေခန့်ရှိ ယွန်းဖြင့် သရိုးမံ၍ ပြုလုပ်ထားသော ထိုင်တော်မူရုပ်ပွားတော် (၁)ဆူ၊ ဉာဏ်တော်အမြင့် (၃) ပေ (၃)လက်မ၊ ဗျက် (၁၅)လက်မခန့်ရှိ ပလ္လင်ပါ ကျောက်စိမ်းဆင်းတုတော် (၂)ဆူ၊ ပေကြိုး(၁)ဗူး၊ ဖုန်း (၁)လုံး တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် မြင်းမူမြို့မရဲစခန်း (ပ) ၁၁၈/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ အရ အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းလျှက်ရှိကြောင်း မြင်းမူမြို့မရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required