၀က်ခြံပျောက်ဖို့ ပျားရည်ကို ဘယ်လို အသုံးချကြမလဲ

၀က်ခြံပျောက်ဖို့ ပျားရည်ကို ဘယ်လို အသုံးချကြမလဲ

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဝက်ခြံတွေဆိုတာ အရည်ပြားပေါ်မှာရှိတဲ့ မွှေးညှင်းပေါက်တွေနဲ့ အဆီထုတ်ပေးနိုင်တဲ့ ဂလင်းတွေ ရောင်ရမ်းတတ်တဲ့ အရေပြားရောဂါတစ်မျိုးပါ။ အရေပြားပေါ်မှာအထူးသဖြင့် မျက်နှာပေါ်မှာ ဝက်ခြံဖုတွေနဲ့ ပြည်ဖုလေးတွေ ပေါက်လာတာကိုခေါ်ပါတယ်။

ပျားရည်ဟာ နည်းလမ်းပေါင်းများစွာနဲ့ ဝက်ခြံတွေဖြစ်မလာအောင် သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်ဆိုတာ ဝက်ခြံတေ ွပျောက်စေရုံသာမကဘဲ အခြားအလှအပပြဿနာတွေကို ဖရှင်းပေးနိုင်တဲ့ သဘာဝရဲ့ လျှို့ဝှက်အလှကုန်ပစ္စည်းတစ်ခုပါပဲ။ သူ့မှာ သဘာဝပိုးသတ်နိုင်တဲ့ အာနိသင်၊စေးကပ်ကပ်သဘာဝ၊ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ ရောင်ရမ်းခြင်းမဖြစ်စေတဲ့အရာ၊ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ၊ အစိုဓာတ်ဖြည့်ပေးနိုင်စွမ်း၊ ရေဆွဲနိုင်စွမ်း (osmotic effect)နဲ့ လျင်မြန်စွာ ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ ဒီအရာတွေက ဝက်ခြံကုသရာမှာအခြားအရာတွေထက် ပိုပြီးထိရောက်လျင်မြန်စွာနဲ့ သဘာဝကျကျ အကျိုးရှိရှိ ကုသပေးနိုင်ပါတယ်။

ဝက်ခြံတွေကုသနိုင်ဖို့ ပျားရည်ကဘယ်လို လုပ်ဆောင်ပေးသလဲ။

  • ပျားရည်ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုသတ်ပေးတဲ့ သဘာ၀ ပိုးသတ်ဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။
  • ပျားရည်မှာဒဏ်ရာထဲမှာရှိတဲ့ ရေတွေကိုစုပ်ပေးနိုင်ပြီးhydrogenperoxideကိုထုတ်ပေးနိုင်တဲ့ osmotic effect လည်းရှိပါတယ်။ Hydrogen peroxide က ဘက်တီးရီးယားတွေကိုပိုသတ်ပေးနိုင်တဲ့ ပိုးသတ်ဆေးကောင်းတစ်ခုဖြစ်ပြီး ဝက်ခြံတွေကိုလည်းပျောက်ကင်းစေပါတယ်။
  • သူ့မှာဘက်တီးရီးယားတွေကြီးထွားမှုကိုရပ်တန့်ပေးနိုင်တဲ့ အက်ဆစ်ဓါတ်သဘာဝလည်းရှိပါတယ်။
  • ဝက်ခြံတွေကြောင့် နီရဲရောင်ရမ်းနေတာတွေကိုလျှော့ချပေးနိုင်တဲ့ အရောင်ကျစေတဲ့ဂုဏ်သတ္တိလည်းရှိပါတယ်။
  • Free radicals တွေကြောင့် ပျက်စီးတာကိုကာကွယ်ပေးနိုင်တဲ့ သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။
  • ပျားရည်ရဲ့ စေးကပ်ကပ်ဖြစ်နေခြင်းဟာဖုန်မှုန့်နဲ့ အညစ်အကြေးတွေကိုဆွဲထုတ်သန့်စင်ပေးနိုင်ပါတယ်။
  • ပျားရည်စစ်စစ်ရဲ့ သဘာ၀ ကောင်းမွန်သောပိုးမွေးမြူနိုင်သောဂုဏ်သတ္တိနဲ့ မကောင်းသောဘတ်တီးရီးယားပိုးများသေစေနိုင်သောဂုဏ်သတ္တိတွေက ဝက်ခြံပေါက်ထားတာတွေကိုလျှော့ချပေးနိုင်ပြီး ဝက်ခြံအသစ်တွေထပ်ပေါက်မလာအောင်လည်းကာကွယ်တားဆီးပေးနိုင်ပါတယ်။
  • အသားအရည်အားလုံးအတွက် အစိုဓာတ်ဖြည့်ဆည်းထိန်းသိမ်းပေးနိုင်ပါတယ်။ ဆိုလိုတာကအဆီပြန်တဲ့အသားအရေအတွက်ဆိုရင် အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပြီးအစိုဓာတ်ပြည့်ဝချောမွတ်နေစေပါတယ်။ ခြောက်သွေ့တဲ့အသားအရေအတွက်တော့ လိုအပ်တဲ့အဆီတွေဖြည့်ဆည်းပေးခြင်းအားဖြင့် အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။
  • ပျားရည်စစ်စစ်အပြင် manuka honeyတွေမှာလည်း ဝက်ခြံကိုလျင်မြန်စွာပျောက်ကင်းစေနိုင်တဲ့ စွမ်းအားမြင့် ပိုးသတ်နိုင်သောဂုဏ်သတ္တိနဲ့ အနာကျက်စေသော ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

ဝက်ခြံကုသဖို့အတွက် ပျားရည်ကို ဘယ်လိုအသုံးပြုသင့်သလဲ။

ဝက်ခြံကုသတဲ့နေရာမှာပျားရည်ကိုနည်းလမ်းအမျိုးမျိုးနဲ့အသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့နည်းလမ်းတွေကိုအောက်မှာဖော်ပြထားပါတယ်။

နည်းလမ်း ၁- Raw Honey ( သဘာဝပျားရည်စစ်စစ်)

  • သန့်စင်တဲ့သဘာဝပျားရည်အနည်းငယ်ကိုယူပါ။
  • လက်ချောင်းထိပ်လေးတွေ သို့မဟုတ် ဂွမ်းဖတ်လေးကိုအသုံးပြုပြီးမျက်နှာပေါ်လိမ်းပါ။
  • နာရီဝက်ခန့်ထားပြီးရေနွေးလေးနဲ့ အရင်ဆေးပါ။ ပြီးတာနဲ့ ရေအေးနဲ့တစ်ခါထပ်ဆေးလိုက်ပါ။ ရေအေးကိုအသုံးပြုခြင်းကချွေးပေါက်တွေကို ပြန်ကျဉ်းစေပါတယ်။
  • ဒီနည်းလမ်းကိုပုံမှန်အသုံးပြုခြင်းကအသားအရည်ကြည်လင်သန့်ရှင်းစေပြီး ဝက်ခြံမပေါက်အောင်ကာကွယ်ပေးနိုင်ပါတယ်။

နည်းလမ်း ၂ – ပျားရည်နှင့် စတော်ဘယ်ရီ

  • မျက်နှာကိုနူးညံ့ညင်သာစွာဆေးကြောပြီးခြောက်သွားအောင် မိနစ်အနည်းငယ်ခန့် တဘက်လေးနဲ့ပုတ်ပေးပါ။
  • လတ်ဆတ်တဲ့ စတော်ဘယ်ရီ ၃လုံးကိုယူပြီး ကြိတ်ခြေထားပါ။
  • ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းကို ခြေထားတဲ့ စတော်ဘယ်ရီထဲထည့်ပြီးအနှစ်ကောင်းကောင်းရအောင် ကြိတ်ပေးပါ။
  • ရလာတဲ့အနှစ်ကိုမျက်နှာပေါ်လိမ်းပြီးမိနစ် ၂၀ မှ ၂၅မိနစ်ခန့် ထားပေးပါ။
  • ရေနွေးနဲ့သေချာသန့်စင်ပေးပြီးမိနစ်အနည်းငယ်ခန့် အခြောက်ခံထားပါ။
  • Moisturizer သုံးပေးပါ။ ဝက်ခြံတွေရှင်းလင်းသွားစေဖို့ ဒီနည်းလမ်းကိုတစ်ပတ် ၂ခါ လုပ်ပေးပါ။
  • ဒီနည်းအတိုင်း ၁လလောက်ပုံမှန်လုပ်ပေးခြင်းက ဝက်ခြံတွေကိုအပြီးတိုင် ကာကွယ်ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

နည်းလမ်း ၃- ပျားရည်နှင့် သကြား scrub (ချွေးချွတ်ခြင်း)

  • သကြားအနည်းငယ်နဲ့ သကြားညိုအနည်းငယ်ကိုယူပါ။ (သကြားညိုဟာအခြားသောချေးချွတ်ပစ္စည်းတွေလောက်မကြမ်းတမ်းဘဲတိုက်လိုက်တာနဲ့ လွယ်ကူလျင်မြန်စွာအရည်ပျော်သွားနိုင်ပါတယ်)
  • ပျားရည်နဲ့သေချာရောပြီးမျက်နှာပေါ်လိမ်းပါ။
  • မျက်နှာနဲ့ အခြားသော ဝက်ခြံပေါက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ်မှာမိနစ်အနည်းငယ်ခန့် စက်ဝိုင်းပုံ ညင်သာစွာပွတ်တိုက်ပေးပါ။
  • ရေဆေးချလိုက်ပါ။ ဝက်ခြံနဲ့ အခြားသော ပြဿနာတွေကိုမဖြစ်လာစေဖို့ ဒီချေးချွတ်နည်းကိုမကြာခဏအကြိမ်ကြိမ်လုပ်ပေးပါ။

နည်းလမ်း ၄ – ပျားရည်နှင့်နနွင်း

  • ပျားရည်စားပွဲတင်ဇွန်း၁ဇွန်းကိုယူပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းရဲ့ ၈ပုံ၁ပုံနဲ့ ရောပေးပါ။ နနွင်းဟာအရောင်ကျစေသောဂုဏ်သတ္တိရှိပြီး ရောဂါပိုးမဝင်အောင် (ဘက်တီးရီးယားတွေကိုသေစေပြီးနာကျင်မှုနဲ့ နီရဲရောင်ရမ်းတာတွေကိုလျော့ကျအောင်) လုပ်ပေးနိုင်ပါတယ်။
  • သေချာရောပြီးမိနစ်အနည်းငယ်ခန့်နှပ်ထားပါ။
  • မျက်နှာနဲ့ အခြားဝက်ခြံပေါက်တဲ့နေရာတွေမှာလိမ်းပြီးမိနစ် ၂၀မှ ၂၅မိနစ်ခန့်ထိထားပါ။
  • ရေနွေးနဲ့သန့်စင်ပေးပြီးတဘက်နဲ့သုတ်ပြီးအခြောက်ခံပါ။
  • အသားအရည်ချောမွေ့သန့်စင်စေဖို့ moisturizer လိမ်းပေးပါ။ ဝက်ခြံတွေသက်သာသွားဖို့ ဒီနည်းလမ်းကိုပုံမှန်လေးလုပ်ပေးပါ။

နည်းလမ်း၅- ပျားရည်နှင့် Aspirin

  • အပြင်ခွံမပါတဲ့ Aspirin (သွေးကျဲဆေး)ဆေးပြား ၃လုံးမှ ၅လုံးထိ ယူပါ။ aspirin ဟာနာကျင်ပြီးနီရဲရောင်ရမ်းတာကိုလျှော့ချပေးနိုင်တဲ့ အရောင်ကျစေသောဂုဏ်သတ္တိရှိပါတယ်။ သူ့မှာ salicylic acid ပါဝင်ပြီး ၎င်းက ချွေးပေါက်တွေနဲ့ အသားအရေကို သန့်စင်ပေးနိုင်ပါတယ်။
  • ဇလုံအသေးလေးယူပါ။ aspirinတွေကိုရေအနည်းငယ်(လုံလောက်တဲ့ ရေပမာဏ) ထည့်ပြီး ကြိတ်ခြေပေးပါ။
  • ရလာတဲ့ အနှစ်ထဲမှာပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးသေချာရောမွှေပေးပါ။
  • မျက်နှာနဲ့အခြားဝက်ခြံရှိတဲ့နေရာတွေမှာလိမ်းပေးပါ။
  • ၁၀ မိနစ် မှ ၁၅မိနစ်ခန့်ထိထားပြီးရေဆေးချပါ။
  • ဒီနည်းလမ်းကိုပုံမှန်လုပ်ပေးခြင်းက ဝက်ခြံတွေအပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ ပြဿနာတွေကိုဖယ်ရှားပေးနိုင်ပါတယ်။
  • ဒီအနှစ်ကို ဝက်ခြံတွေပေါ်မှာလိမ်းပြီးတစ်ညအိပ်လိုက်ကာနံနက်မိုးလင်းမှ ဆေးချလိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

နည်းလမ်း ၆ – ညဘက် ပျားရည်လိမ်းအိပ်ပါ။

  • သဘာဝပျားရည်စစ်စစ် အနည်းငယ်ကိုယူပြီး ဝက်ခြံတွေပေါ်မှာ အိပ်ရာမဝင်ခင်လိမ်းပေးပါ။
  • တစ်ညလုံးထားပြီးအိပ်ပျော်သွားတဲ့အချိန်မှာတခြားနေရာတွေပါ ပေရေပြီးရှုပ်ထွေးမသွားအောင် ပလာစတာကပ်ထားပေးပါ။
  • နောက်တစ်နေ့ နံနက်မှာတော့ ပလာစတာဖယ်ပစ်ပြီးရေနဲ့ဆေးလိုက်တဲ့အခါမှာသင့်ဝက်ခြံတွေလျော့နည်းသွားတာကိုတွေ့ရမှာပါ။
  • ဝက်ခြံတွေ လုံးဝပျောက်ကင်းသွားသည်အထိ ညတိုင်းလုပ်ပေးပါ။

Remedy 7- ပန်းသီးပျားရည် ပေါင်းတင်မျက်နှာဖုံး

  • ပန်းသီးအလတ်စားတစ်ဝက်ကိုယူပြီး အစေ့တွေဖယ်ရှားထားပါ။
  • ပန်းသီးကိုဖျော်ရည်စက်ထဲထည့်ပြီးအနှစ်ဖြစ်အောင်လုပ်ပါ။
  • ပျားရည် စားပွဲတင်ဇွန်း၂ဇွန်းကိုရောပြီး မျှတတဲ့အရောတစ်ခုရဖို့ ဖျော်ရည်စက်ထဲမှာပဲထပ်ကြိတ်ပါ။
  • ဒီအနှစ်ကိုမျက်နှာပေါ်မှာပေါင်းတင်မျက်နှာဖုံးအဖြစ်လိမ်းပြီး ၁၅ မိနစ်မှ မိနစ် ၂၀ထိ ထားပါ။
  • ရေနဲ့ဆေးကြောလိုက်ပါ။ ဒီနည်းကိုလည်းပုံမှန်လေးလုပ်ပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly