တောင်ဒဂုံအောင်ဗောဓိဘုရားမှ ဂေါပကအဖွဲ့နေရာတွင် အစား ပြန်ရွေးပေးရန် သာသနာရေးဝန်ကြီးထံ စာပို့တောင်းဆိုမည်

တောင်ဒဂုံအောင်ဗောဓိဘုရားမှ ဂေါပကအဖွဲ့နေရာတွင် အစား ပြန်ရွေးပေးရန် သာသနာရေးဝန်ကြီးထံ စာပို့တောင်းဆိုမည်
တောင်ဒဂုံမြို့နယ် ရှိ အောင်ဗောဓိဆုတောင်းပြည့်စေတီတော်ရဲ့ ဂေါပကအဖွဲ့သတင်းစာရှင်းလင်းပွဲ အား တွေ့ရစဉ်။

ရန်ကုန်၊ အောက်တိုဘာ ၁၇ ။            ။ ငွေကျပ် ၃၀၀ ခိုးယူမှုအား ရာဇသတ်ကြီးပုဒ်မဖြင့်ကလေး ၃ ဦးအမှုဖွင့်ခံခဲ့ရသော ကိစ္စဖြစ်ပွားခဲ့သည့် တောင်ဒဂုံမြို့နယ်ရှိ  အောင်ဗောဓိ ဆုတောင်းပြည့်   စေတီတော်ကြီးမှ ဂေါပကအဖွဲ့ဝင်များနေရာတွင် ပြန်လည်ရွေးချယ်ပေးပါရန် သာသနာရေးဝန်ကြီးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ စာပေးပို့တောင်းဆိုသွားမည်ဟု    တောင်ဒဂုံမြို့နယ်ဒေသခံ  ဒေါ်စန်းစန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဂေါပကအဖွဲ့ မှာ တာဝန်ယူဆောင်ရွက်နေသည့် အောင်ဗောဓိဘုရားတွင် အသက် ၁၀နှစ်ဝန်းကျင် ကလေး ၃ ဦးက ပိုက်ဆံ ၃၀၀ ခိုးသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မဖြင့် တရားစွဲခံရပြီး ဘုရားဂေါပကအဖွဲ့မှ အမှုဖွင့်ခဲ့ခြင်းမရှိဟု ပြောဆိုထားသည်။

" ဂေါပက ပြန်လည်ရွေးချယ်ပေးပါရန် ကျွန်မတို့လိုချင်ပါတယ်။ အခု လက်မှတ်ကောက်ထားတာတွေရှိပါတယ်။ ဒီရက်ပိုင်းအတောတွင်းမှာပဲ တင်ပါမယ်ရှင့်။ သာသနာရေးဝန်ကြီးဆီကိုလည်းပို့ပါမယ် " ဟု ဒေါ်စန်းစန်းဝင်းက ပြောသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၀) ရပ်ကွက်နေ ကလေး ၃ ဦးသည် စက်တင်ဘာ ၁၃ ရက် ညနေတွင်  အောင်ဗောဓိဘုရားဝင်းအတွင်းရှိ အလှူခံပုံးအ တွင်းမှ ငွေကျပ် ၃၀၀ ကို သွားကြားထိုးတံဖြင့် ကော်ထုတ် ယူနေသည်ကို တွေ့ရှိခဲ့၍ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် ခံရခြင်း ဖြစ်သည်။

အောင်ဗောဓိဘုရားဂေါပက ဥက္ကဋ္ဌ ဦးနိုင်ဦးက အောင်ဗောဓိဘုရားတွင် ၎င်းတို့အနေဖြင့် ချယ်လှယ်ခြင်းနှင့် ပါဝါပြခြင်းများ မပြုလုပ်သလို ငွေ ၃၀၀ ခိုးသည်ဟုဆိုတော့ ကလေး ၃ ယောက်ကို လည်း တရားစွဲဆိုခဲ့ခြင်းလည်းမရှိဟု ပြောသည်။

၂၀၁၀ ခုနှစ်မှ စတင်ကာ ဂေါပကအဖွဲ့တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဘုရားအဆောက်အဦများ ပြင်ဆင်၊ အသစ်ဆောက်လုပ်ခြင်းများလည်း လုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနေဖြင့် ယခု ၅ နှစ်တစ်ကြိမ် ဂေါပကသက်တမ်းပြီးက အနားယူတော့မည်ဟု ဂေါပကအဖွဲ့မှ ပြောဆိုသည်။

" အမှန်အတိုင်းပြောရရင် နားချင်နေတာကြာလှပြီ။ ဦးတို့ကဒီမှာ ဘာတွေ ချယ်လှယ်နေလို့လဲ။ ဘာတွေများ ပါဝါပြနေလို့လည်း ဘာမှမရှိဘူး။ ဒါကြောင့် ဒီဟာကို ပြန်လုပ်ရ၊ မလုပ်ရ အဓိကမထားဘူး" ဟု ၎င်းကဆိုသည်။

အဆိုပါ ၃ တန်းအရွယ်၊ ၅ တန်းအရွယ်နှင့် ၇ တန်းအရွယ် ကလေးသုံးဦးကို ရဲစခန်းတွင် ၆ ရက် ချုပ်ထားပြီး နောက် စက်တင်ဘာ ၁၈ ရက်တွင် သန်လျင်လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သေးသည်။

ဘုရားငွေအလှူခံပုံးမှ ငွေ ၃၀၀ ကျပ် ခိုးယူမှုဖြင့်ကလေးများကို တရားစွဲသည့် ကိစ္စနှင့်ပက်သက်ပြီး အဆိုပါကလေး ၃ ဦးကို ပြန်လွှတ်ပေးရန်နှင့် ဘုရားဂေါပက ပြန်ရွေးပေးရန်အချက်များပါဝင်သည့် ဆန္ဒပြပွဲတစ်ခု စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့သေးသည်။

မကြာသေးမှီ ရက်ပိုင်းက ကလေး ၃ ဦးသည် အမှုမှလွှတ်မြောက်ခဲ့ပြီးသည့်နောက် သတင်းမီဒီယာများတွင် ဖော်ပြရေးသားချက်များနှင့်ပတ်သက်ကာ ယနေ့ (အောက်တိုဘာ ၁၇) တွင် အောင်ဗောဓိဘုရားဂေါပကအဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required