Shop.com.mm

MLM ဆန့်ကျင်သူတစ်ဦးကို ၆၆(ဃ)ဖြင့် ကုမ္ပဏီဘက်မှ တိုင်တန်းအမှုဖွင့်ခဲ့

.

ရန်ကုန် အောက်တိုဘာ ၁၇ ။                 ။ MLM ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးရဲမျိုးသန့်အား Successmore ကုမ္ပဏီ၏ဒါရိုက်တာ ဦးစိုင်းမျိုးမင်းလတ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ရန်ကုန်၊ ဒေါပုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်းသိရသည်။

”MLM Companies များကြောင့် နစ်နာခဲ့သူများနှင့် MLM စနစ်ကိုဆန့်ကျင်ကြ သူများ” အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာ Group တွင် Successmore ကုမ္ပဏီ နှင့်သက်ဆိုင်သည့် ဦးရဲမျိုးသန့်၏ ရေးသားဝေဖန်ချက်များကို Screenshot ယူ၍ ဒေါပုံတရားရုံး၌ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ခံထားရသူက ဦးရဲမျိုးသန့်က နစ်နာသူများအတွက် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ပြောဆိုခဲ့သည်။

"တကယ့်ဆရာ့ ဆရာကြီးတွေ ရေးထားတာတွေ ကိုးကားပြီး ရေးသားခဲ့တာပါ၊ ကျွန်တော်တို့ ဒီလိုမျိုး ပရမ်းပတာရေးထားတာ တစ်ခုမှမပါပါဘူး၊ သူတို့တွေရဲ့ ထွင်လုံး၊ ချဲ့လုံးတွေ နဲ့ နစ်နာနေသူတွေအတွက်ပါ၊ အဓိကပြသနာ ကတော့ ဈေးမဆန်တဆတင်ရောင်းတာရယ်၊ ရောဂါမျိုးစုံပျောက်နေတာရယ်အတွက် ကျွန်တော် တို့က ပြည်သူတွေဘက်က ရေးပေးတာပါ၊ ဒါကို ရေးပေးဖို့အတွက်လည်း ဘယ်သူ့ရဲ့ဦးဆောင်တိုက် တွန်းမှုမှ မပါပါဘူး၊ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ရေးခဲ့တာပါ၊ နစ်နာနေတဲ့သူတွေက လာပြောတယ်၊ ချပြတယ်၊ တစ်ကယ်လည်း မြင်နေရတယ်၊ ဒါနဲ့ ပတ်သက်လို့ အောင်မြင်နေတဲ့သူက လက်တစ်ဆုပ် စာပဲရှိပါတယ်" ဟု အမှုဖွင့်ခံထားရသူ ဦးရဲမျိုးသန့် က အောက်တိုဘာ ၁၇ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

ယခုတရားစွဲဆိုခံရမှုကြောင့် MLM ကုမ္ပဏီများ၏ လုပ်ကိုင်ဆောင်ရွက်ချက်များအပေါ် အများပြည်သူ ပိုမိုထင်သာမြင်သာရှိလာစေပြီး ၄င်းအနေဖြင့် Anti MLM တစ်ဦးအဖြစ် ဆက်လက်ရပ်တည် သွားမည် ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

ဦးရဲမျိုးသန့် က လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ် နှစ်ခု တင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရေးသားခဲ့ခြင်း ဖြစ်သည်။

ဒေါပုံ မြို့မရဲစခန်း၏ ဆင့်ခေါ်စာတွင် “၁၂.၉.၂၀၁၇ ရက်နေ့က ဒီကနေ့ Successmore ရဲ့ အရယ်ရ ဆုံးဟာသများ စုစည်းမှု။ တစ်ပုံချင်းစီ ကြည့်သွား။ အကြောင်းအရာလေးတွေ ရေးထားတယ်" ဟူသည့် ကုမ္ပဏီအကြီးအကဲများ၏ ရုပ်ပုံပါ မှတ်တမ်းဓာတ်ပုံ (၆) ပုံပါ Post သည်လည်းကောင်း၊ ၁၉.၉.၂၀၁၇ ရက်နေ့က တင်ခဲ့သည့် "Successmore ဆိုတဲ့ MLM ကုမ္ပဏီထုတ်ကုန်တွေကို လေ့လာကြည့်ရအောင်" ဆိုသည့် Post တွင် "ကြော်ငြာတော့ ရင်သားကင်ဆာ သားအိမ်ကင်ဆာ ကာကွယ်ဆေးပါတဲ့။ ဒါဟာ လိမ်လည်မှုပါ။ Phytovy တို့ Nutriga တို့ဟာလည်း ဥပဒေလက်တလုံးခြား ဆေးအတုတွေဖြစ်ပါတယ်။ Successmore ဟာ MLM Mutilevel Marketing ဆိုတဲ့နာမည်ကို မသုံးဘဲ World of Mouth Marketing ဆိုတဲ့ခေါင်းစဉ်နဲ့ သွားပါတယ်။ တကယ်တော့ မလိမ့်တပတ်လုပ်တာဖြစ်ပြီး World of Mouth Marketing သည် MLM နဲ့ အတူတူပါပဲ" ဆိုသည့် Post များသည် Successmore ကုမ္ပဏီအား နာမည်ပျက်စေခြင်း ဂုဏ်သိက္ခာ ကျဆင်းစေခြင်း ကုမ္ပဏီမှ ဖြန့်ချိသော ကုန်ပစ္စည်းများအား သုံးစွဲသူများ ယုံကြည်မှုမရှိခြင်းတို့ ဖြစ်ပေါ်စေပြီး ကုမ္ပဏီအတွက် များစွာနစ်နာခဲ့ရကြောင်း တိုင်ကြားခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမှုဖွင့်ခဲ့သူ ဦးစိုင်းမျိုးလတ်က ဝေဖန်သည့်သဘောမျိုး မဟုတ်ဘဲ အသရေပျက် အောင် ရေးခြင်းဖြစ်သည်ဟု မဇ္ဈိမ သို့ ပြောသည်။

" ကိုရဲမျိုးသန့်က သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ကျွန်တော်တို့ ကုမ္ပဏီကို ဝေဖန်တာမျိုးမဟုတ်ဘဲ အသရေပျက်အောင် ရေးသားဖော်ပြထားတာ တွေ့ ရတယ်၊ ဒါတင်မကဘူး၊ ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ရှိသူတွေကိုပါ ပုဂ္ဂိုလ်ရေးအရ သိက္ခာကျ ဆင်းစေအောင် ရေးသားတွေကြောင့် တရားစွဲဆို တာဖြစ်ပါတယ်" ဟု အမှုဖွင့်ခဲ့သူ ဦးစိုင်းမျိုးလတ်က ပြောသည်။

အဆိုပါအမှုကို ရဲစခန်း၏ ဆင့်ဆိုစာအရ အောက်တိုဘာလ ၁၆ ရက်နေ့က ဦးရဲမျိုးသန့်အား ပထမဆုံးအကြိမ် စစ်ချက်ရယူခဲ့သည်။

ငွေကြေးဝန်ဆောင်မှုကို ဆက်သွယ်ဆောင်ရွက်ခြင်း မပြုကြရန်၊ အတိုးနှုန်းမြင့်မားစွာ ပေးမှုများ၊ အစုရှယ်ယာ အပေါ် အမြတ်ဝေစုများပြားစွာ ခွဲဝေပေးမှုများ၊ ဆင့်ပွားဈေးကွက်ပုံစံဖြင့် မက်လုံးပေးမှု (Multi -Level Marketing) တို့ကို အထူးသတိ ပြု ရှောင်ရှားရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဗဟိုဘဏ် တို့မှ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။